ကံထူးရှင် စုံတွဲခြောက်တွဲကို စပွန်ဆာအပြည့်ပေးပြီး မင်္ဂလာဆောင်ပေးမယ်ဆိုတဲ့ KFC

ကမ္ဘာ့အကောင်းဆုံးနဲ့နာမည်အကြီးဆုံးကြက်ကြော်တွေထဲမှာ KFC ဟာ ထိပ်ဆုံးက ရပ်တည်နေပြီး သူနဲ့အပြိုင်တည်ရှိနေတဲ့ Fast Food Trend တွေကတော့ Mc Donalds, Lotteria နဲ့အခြား company တော်တော်များများလည်းရှိပါသေးတယ်။ ကမ္ဘာ့နိုင်ငံတော်တော်များများမှာဆိုင်ခွဲတွေဖွင့်ထားတဲ့ KFC ဆိုင်တွေဟာ လူမျိုးဘာသာမရွေးစားသုံးရာ၊အားထားရာဖြစ်သလို လူငယ်တွေအနေနဲ့လည်း KFC ဆိုင်တွေမှာ တွေ့ဆုံလေ့ရှိကြပြီး စုံတွဲလေးတွေချိန်းတွေ့ရာနေရာတွေဆိုရင်လည်းမမှားပါဘူး။ ပြီးခဲ့တဲ့နှစ်တွေအတွင်း KFC ဆိုင်လေးတွေမှာ ချစ်သူတွေ လက်ထပ်ခွင့်တောင်း surprise လုပ်တဲ့ Video လေးတွေကလည်း အင်တာနက်ပေါ်မှာ မကြာခဏတက်လာပြီး မြင်မြင်သမျှလူတွေကို အားကျပြီး အသည်းတွေယားစေခဲ့တာပါ။ ဒါကြောင့် KFC ချစ်တဲ့ချစ်သူစုံတွဲလေးအတွက် KFC Company က ပျော်ရွှင်မှုတွေဆောင်ကြဉ်းပေးဖို့ဆုံးဖြတ်ခဲ့တယ်လို့ဆိုပါတယ်။

KFC ရဲ့ပျော်ရွှင်စေမယ့် အစီအစဉ်ကတော့ မင်္ဂလာဆောင်ဖို့ရှိနေတဲ့ ချစ်သူစုံတွဲလေးတွေကို အစအဆုံး အကုန်အကျခံပြီး မင်္ဂလာဆောင်ပေမယ့်အစီအစဉ်ပါ။ မင်္ဂလာပွဲတစ်ခုလုံးကို အစစအရာရာ စပွန်ဆာပေးပြီးလုပ်ပေးမှာဖြစ်ကြောင်းသိရပါတယ်။ မကြာသေးမီက KFC က Instagram post တစ်ခုမှာ အဲဒီအစီအစဉ်အကြောင်းကိုကြေငြာခဲ့ပြီး အဲဒီကြေငြာချက်ဟာ တစ်ခဏအတွင်းမှာပဲ တစ်ကမ္ဘာလုံးကိုပျံ့နှံ့သွားခဲ့ပါတယ်။ KFC က “ဒီဟာက ကောလဟလမဟုတ်ပါဘူး။ KFC က ကြက်ကြော်ချစ်သူ စုံတွဲခြောက်တွဲကို KFC ကြက်ကြော်နဲ့အတူ သာယာလှပတဲ့ဘဝကိုချစ်ခြင်းမေတ္တာအပြည့်နဲ့စတင်နိုင်ဖို့ကူညီပေးမှာပါ။ သင်ရောသင့်ချစ်သူရောက KFC ချစ်သူတွေဆိုရင်တော့ အချစ်နဲ့ကြက်ကြော်နှစ်ခုလုံးကိုပိုင်ဆိုင်ရဖို့ ကြိုးစားလိုက်ပါတော့”လို့ ကြေငြာထားတာတွေ့ရပါတယ်။



KFC ဟာ စုံတွဲခြောက်တွဲကို KFC ကြက်ကြော် Theme နဲ့ မင်္ဂလာဆောင်စပွန်ဆာပေးမှာဖြစ်ပြီး လူအယောက်နှစ်ရာစာ စပွန်ဆာပေးမှာဖြစ်ကြောင်းသိရပါတယ်။ ဒီအစီအစဉ်အတွက်အိုင်ဒီယာရသွားတာကတော့ နှစ်ပေါင်းများစွာ KFC ဆိုင်တွေမှာ အားပေးလာကြပြီးချစ်သူစုံတွဲတွေလည်း KFC ဆိုင်မှာလက်ထပ်ခွင့်တောင်းကြတာတွေကိုကြည်နူးစရာ မြင်ရကြားရနေတာမို့ ဒီလို ပျော်စရာကောင်းတဲ့အစီအစဉ်မျိုးကိုလုပ်ပေးဖို့အိုင်ဒီယာရသွားခဲ့တာလို့ KFC ရဲ့ managing director Nikki Lawson က မီဒီယာတွေကိုပြောကြားခဲ့ပါတယ်။ အဲဒီစုံတွဲခြောက်တွဲထဲမှာပါဝင်အရွေးခံနိုင်ဖို့လိုအပ်တာတွေကတော့ ရိုးရှင်းပါတယ်။ ဘာကြောင့် သင်တို့စုံတွဲကိုရွေးချယ်သင့်တယ်ဆိုတာကို စာလုံးရေ200 ခန့်ပါတဲ့ အက်ဆေးတစ်ပုဒ် တဖွဲ့တနွဲ့ရေးပြီး KFC ရဲ့ website ကို ပို့ပေးဖို့ပါပဲ။




ဒါပေမယ့် ဝမ်းနည်းစရာကောင်းတာတစ်ခုကတော့ အဲဒီအစီအစဉ်ဟာ Australia တစ်နိုင်ငံတည်းမှာသာရှိသေးတာဖြစ်ပြီး အခြားနိုင်ငံတွေမှာတော့ မရောက်ရှိလာသေးပါဘူး။ ဒါပေမယ့် မကြာခင်မှာအခြားနိုင်ငံတွေမှာလည်း ဒီအစီအစဉ်ကိုအသက်သွင်းဖို့ရှိလာနိုင်တာမို့ နောက်နှစ်တွေထဲမှာလက်ထပ်ဖို့ရည်ရွယ်ထားပြီး အဲဒီလက်ထပ်ပွဲမှာ KFC ကိုပါဝင်စေချင်တယ်ဆိုရင်တော့ သင်တို့ရဲ့အချစ်ဇာတ်လမ်းလေးကို လွမ်းမောဖွယ်ရာကြိုတင်ရေးသားထားလိုက်ဖို့ အကြံပေးတိုက်တွန်းလိုက်ရပါတယ်။

Unicode





