ခက်ခက်ခဲခဲ ဖြတ်သန်းခဲ့ရတဲ့ ဂီတလမ်းခရီးအကြောင်း ပြောပြတဲ့ နီလန်း

0
49

အဆိုတော် နီလန်းလို့ ပြောလိုက်တာနဲ့ ချစ်စရာအသွင်အပြင်၊ ကောင်းမွန်တဲ့ အသံပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသူလေးတယောက်ကို မြင်မိမှာပါ။ မြန်မာအိုင်ဒေါလ် ပြိုင်ပွဲနဲ့ အတူအောင်မြင်မှုရရှိလာတဲ့ နီလန်းတယောက်ကတော့ သူငယ်ငယ်လေးကတည်းက သီချင်းဆိုတာကို ကြိုက်နှစ်သက်ခဲ့ပြီး သူ့ရဲ့ ဝါသနာကို ကြိုးစားခဲ့တာကြောင့် လက်ရှိမှာ တိုင်းသိပြည်သိ အနုပညာရှင်တယောက် ဖြစ်လာတာလည်း ဖြစ်ပါတယ်။ နီလန်းကတော့ သူ့မှာ အခက်ခဲတွေ များစွာရှိခဲ့တဲ့အထဲမှာမှ သူဂီတလမ်းကြောင်းပေါ်ကို ဘယ်လိုဖြတ်သန်းခဲ့ရတယ်ဆိုတာကိုတော့ Sunday နဲ့အင်တာဗျူးမှာ ဖြေကြားသွားခဲ့ပါတယ်။

နီလန်းကတော့ “နီလန်းဘဝမှာ ကြုံတွေ့မယ်လို့ လုံးဝကို မထင်ထားတဲ့အရာတွေကို ကြုံတွေ့ခဲ့ပါတယ်။ နီလန်း စဉ်းစားတာကတော့ ၁၀ တန်းပြီးသွားရင် ရိုးရိုး တက္ကသိုလ်လေးတက်ပြီး သီချင်းတွေလုပ်မယ်ပေါ့ အဲ့လိုမျိုးတွေးခဲ့တာပါ။ ဒါပေမယ့်လည်း အိမ်က ခွင့်မပြုပါဘူး။ အိမ်ကတော့ အင်ဂျင်နီယာကျောင်းတက်ခိုင်းပြီး ကျောင်းပြီးမှ ဂီတကို လုပ်ခိုင်းပါတယ်။ နီလန်းအနေနဲ့လည်း ကျောင်းတက်နေစဉ်အတွင်းမှာ အိမ်က ခွင့်မပြုတဲ့ကြားထဲကနေ သီချင်းတွေကို ဝင်ပြိုင်တယ်။ နောက်ပိုင်းကျတော့ မိတ်ကပ်ပိုင်းကို ပိုပြီးတော့ စိတ်ဝင်စားလာတယ်။ ဝါသနာပါလာတယ်။ ဖြစ်ချင်တာတွေကို အိမ်ကိုပြောပေမယ့်လည်း ကျောင်းမပြီးသေးရင် ဘာမှမလုပ်ရဘူးဆိုပြီးပြောတာကြောင့် လုပ်ခွင့်မရခဲ့ပါဘူး။

နောက်ဆုံးကျောင်းပြီးတဲ့အထိ တက်ခဲ့တယ်။ သီချင်းဖက်မှာ နီလန်းအနေနဲ့ မဖြစ်နိုင်တော့ဘူးလို့ ထင်တယ်ပေါ့နော်။ အဲ့ဒါကြောင့် မိတ်ကပ်သင်တန်းတက်ခဲ့တယ်။ ကြားထဲမှာ Galaxy Star Myanmar ပြိုင်ပွဲကို ဝင်ပြိုင်တယ်။ Top 16 အထိပဲ ပါခဲ့တယ်။ အနည်းဆုံးတော့ Top 12 အထိ ပါချင်တယ်ပေါ့။ သူတို့က ကိုရီးယားတွေ ဘာတွေသွားတယ်ဆိုတော့ ကိုယ်မပါလိုက်ရတော့ အရမ်းကို စိတ်ဓါတ်ကျခဲ့တယ်။ သီချင်းနဲ့တော့ အကျိုးမပေးတော့ဘူးထင်တယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် မိတ်ကပ်လမ်းကိုပဲ သွားခဲ့တယ်။ ပြီးတော့ X Factor မှာ နီလန်း ပြိုင်ခဲ့တယ်။ သူတို့တွေကို အရမ်းအားကျမိတယ်ပေါ့နော်။ သူတို့ကို ပြင်ရင်းနဲ့ သူတို့လို ပြိုင်ပွဲကနေ တက်ချင်လိုက်တာ။

အစကတော့ မိတ်ကပ်ပိုင်းကိုပဲသွားဖို့ စဉ်းစားထားတယ်။ ဒါပေမယ့်လည်း Myanmar Idol Season 3 ပြိုင်ပွဲရှိတယ်လို့ ကြားတယ်။ ဂီတဖက်ကို အားပေးတဲ့သူတွေကလည်း သွားပြိုင်ခိုင်းကြတာပေါ့နော်။ ဒါကြောင့် ဒီနောက်ဆုံးတခေါက်ပြိုင်ကြည့်မယ်ပေါ့နော်။ ဒါပြီးရင်တော့ ဂီတကို စွန့်လွတ်လိုက်တော့မယ်ပေါ့။ အဲ့လောက်ထိကို တွေးမိပါတယ်။ ဒီပြိုင်ပွဲဝင်တာကလည်း အိမ်ကမသိဘူး။ နောက်မှသိတာပါ။ အနုပညာကို အိမ်ကလည်း အားမပေးတာကြောင့် နီလန်းမှာ အခက်ခဲတွေကတော့ အများကြီးပါပဲ”

“နီလန်းဘဝမှာ အရမ်းအရေးပါတဲ့ လူတယောက်ကိုလည်း ရုတ်တရတ် ဆုံးရှုံးပြီးသွားပြီ။ ဒါကြောင့် နီလန်းမြတ်နိုးတဲ့ ဒီဂီတကိုတော့ ဆုံးရှုံးလို့ မရတော့ဘူးပေါ့နော်။ နီလန်းတန်ဖိုးထားတဲ့သူ ဆုံးရှုံးသွားတာကြောင့် ဒီလိုဆုံးဖြတ်ခဲ့ရတယ်။ ဝါသနာကြောင့်ပါပဲ။ အရှေ့မှာလည်း ခက်ခက်ခဲခဲနဲ့ အောင်မြင်ခဲ့တဲ့ Idol တော်တော်များများကို ကြည့်ပြီးတော့ နီလန်းအားတင်းထားတာပေါ့နော်။ နီလန်းကို အားပေးတဲ့ ပရိသတ်တွေကြောင့်ပါပါတယ်။ အခုနောက်ပိုင်းမှာလည်း အိမ်က အားလုံးကို လုပ်ခွင့်ပေးလိုက်ပါပြီ။ ဒါကြောင့်လည်း ခုထိ မပြိုလဲသွားပဲ ရပ်တည်နေနိုင်တာပါ၊ မိသားစုအတွက် မောင်နှမတွေအတွက် ပရိသတ်တွေအတွက် အမြင့်ဆုံးရောက်အောင် ကြိုးစားသွားမယ်။ လူတိုင်းကိုလည်း အတတ်နိုင်ဆုံး ချစ်ခြင်းမေတ္တာနဲ့ အနိုင်ယူဖို့ ဆုံးဖြတ်ထားပါတယ်” ဟု ပြောကြားသွားခဲ့ပါတယ်။

LEAVE A REPLY

Please enter your comment!
Please enter your name here