ဇဏ်ခီကို အချစ်အတွက် ရှင်သန်တဲ့သူအဖြစ် မြင်ရမယ့် ထာဝရနှောင်ကြိုး

0
62

ထာဝရနှောင်ကြိုး (Now and Ever) အတွက် မင်းသားနဲ့ မင်းသမီးကို ကြေညာလိုက်ချိန်မှာတော့ ပရိသတ်တွေအားလုံး အံ့အားသင့်ခဲ့ရပါတယ်။ အကြောင်းရင်းကတော့ ဇာတ်ဆောင် ဝတ်မှုံနေရာမှာ မင်းသမီး ပိုင်ဖြိုးသုကို ရွေးချယ်တဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။ မီ နဲ့ ခီကို တစ်ပြိုင်နက်တည်း တွေ့ရမယ့် ဇာတ်ကားကြီးဖြစ်လို့လည်း ပရိသတ်တွေက စိတ်လှုပ်ရှားနေကြပါတယ်။ သုသုကို ရွေးချယ်ရခြင်း အကြောင်းရင်းနဲ့ ဇာတ်လမ်းရဲ့ အသွားအလာလေးကို ဇဏ်ခီက အင်တာဗျူးမှာ ခုလိုဖြေကြားသွားပါတယ်။

“ရွေးတာကတော့ ကျွန်တော်မဟုတ်ဘူးပေါ့နော်။ Central Base Production အဓိကကတော့ ဒါရိုက်တာ ခရစ်(စ) တီးနားခီက ရွေးတာပေါ့လေ။ ရွေးဖြစ်သွားတာလည်း ကျွန်တော် ဝမ်းသာပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သုသုက အရမ်း serious ဖြစ်တဲ့ မင်းသမီး တစ်ယောက်ပေါ့နော်။ ပြီးတော့ ကျွန်တော်ရေးထားတဲ့ ဝတ်မှုန် ကာရိုက်တာနဲ့ တော်တော်ကိုက်ညီတော့ ကျွန်တော်လည်း ဝမ်းသာပါတယ်။

Pre-Production က ခုနက ပြောသွားတဲ့အတိုင်း ငါးလလောက် ရှိပြီ။ actors တွေပိုင်းမှာလည်း ပြင်ဆင်နေတာ တစ်လလောက် ရှိပြီဆိုတော့ တစ်ကယ် Perform လုပ်ဖို့ပဲ ကျန်တော့တယ်ပေါ့နော်။ အဲ့အတွက်ပဲ ကျွန်တော်တို့ ကြည့်ရမှာပေါ့။

ရှေ့က ကာရိုက်တာတွေနဲ့ ဘယ်လိုကွဲလဲဆိုတော့ သီဟပေါ့နော်။ သီဟ ကာရိုက်တာက ဂျေဒင်နဲ့လည်း မတူဘူး။ မင်းထက်နဲ့လည်း မတူဘူး။ နောက်ပြီး သူကကျတော့ အချစ်နဲ့ပတ်သက်ရင် စွန့်လွှတ် အနစ်နာခံနိုင်တဲ့ လူတစ်ယောက်ပေါ့နော်။ အချစ်အတွက် ရှင်သန်မယ်ပေါ့။

Romance ဆိုရင် တော်တော်များများ တွေးကြတာက ပျော်စရာကောင်းတဲ့ အခန်းဘက်ကို အရမ်းသွားမယ်လို့ တွေးကြလိမ့်မယ်။ ဒါပေမဲ့ ထာဝရနှောင်ကြိုးက အဲ့လိုမဟုတ်ဘူး။ ကျွန်တော်အရင်တုန်းက ပြောထားသလိုမျိုးပဲ နည်းနည်းလေး dark ဖြစ်တယ်။ ဘယ်လောက်ထိ အချို့လူတွေမှာ အချစ်ကိုရဖို့အတွက် ဘယ်လောက်ထိ လုပ်ယူရတယ် ဘယ်လောက်ထိ ပေးဆပ်ရတယ် အဲ့ကိစ္စနဲ့ ပိုဆိုင်တယ်။ ဒါပေမဲ့လည်း တကယ့်ကို intimate ဖြစ်တဲ့ Romance တွေလည်း ပါပါတယ်။” ဆိုပြီး ဖြေကြားသွားပါတယ်။

ထာဝရနှောင်ကြိုး ရုပ်ရှင်ကားကြီးကို ရိုက်ကူးမယ့်အချိန် ၄ လ ကြာမြင့်မှာဖြစ်ပြီး ကြားထဲမှာ တစ်လနားမယ်လို့ သိရပါတယ်။ ရုံတင်ဖို့ကိုတော့ ၂၀၁၉ မှာ စီစဉ်သွားမှာဖြစ်လို့ ပရိသတ်တွေက စောင့်မျှော်ကြည့်ရှု အားပေးနိုင်ပါတယ်။