ပါရမီရှိရင် ပြိုင်ပွဲတွေမှာ ပြိုင်နေစရာမလိုဘူးဆိုတဲ့ ထူးအယ်လင်း

0
45

ခံစားချက်သီချင်းတွေရော ခပ်ကြမ်းကြမ်းသီချင်းတွေပါ အကုန်ရတဲ့ အဆိုတော်ကြီး ထူးအယ်လင်းကိုတော့ ရင်းနှီးပြီးသား ဖြစ်မှာပါ။ အဆိုတော် ထူးအယ်လင်းကတော့ ရိုးသားပြီး အနုပညာပေါ်မှာ မှန်ကန်တဲ့ စိတ်နဲ့ လုပ်တဲ့ အဆိုတော်တယောက်ဖြစ်သလို သူ့ရဲ့ ခံစားချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ပြောပြတတ်သူ တယောက်ဖြစ်ပါတယ်။ လက်ရှိ အင်တာဗျူးမှာလည်း ထူးအယ်လင်းသူ့အနေနဲ့ လက်ရှိကျင်းပနေတဲ့ အဆိုပြိုင်ပွဲတွေကိုတော့ အကြိုက်မတွေ့ဘူးလို့ ပြောထားပြီး အဲ့လိုပြိုင်ပွဲတွေမှာလည်း ဒိုင်မလုပ်ချင်ဘူးလို့ ပွင့်ပွင့်လင်းလင်း ပြောကြားသွား ခဲ့ပါတယ်။

ထူးအယ်လင်းကတော့ MC နဲ့ အင်တာဗျူးတွင် ပြိုင်ပွဲတွေမှာ ဒိုင်လုပ်တာနဲ့ ပတ်သက်ပြီး “ပွင့်ပွင့်လင်းလင်းပြောရရင်တော့ အကိုမကြိုက်ပါဘူး။ အကို့အနေနဲ့ အဲ့လိုမျိုးဒိုင်တော့ မလုပ်ချင်ဘူးကွာ။ လုပ်လည်းဖြစ်မှာ မဟုတ်ဘူး။ ငါအကုန် အပြည့်တွေကြီး ပေးပစ်မှာ။ သနားလို့ကွာ။ သူတို့မှာ မျှော်လင့်ချက်ကြီးစွာ ပြိုင်ပြီး ဒိုင်တွေကို မျက်ရည်ခံထိုးပြီး မျက်နှာငယ်လေးတွေနဲ့ ကြည့်နေတာ။ အဲ့မျက်ခွက်တွေကို ငါအမုန်းဆုံးပဲကွာ။ အဲ့မျက်နှာတွေကို ငါလုံးဝ မမြင်ချင်ဘူး။ ယောကျာ်းပဲကွာ ကိုယ့်ဘာကိုဆိုကွာ ရပ်ကွက်ထဲမှာဆို လမ်းထိပ်မှာ ဆိုကွာ။ ဆိုင်တွေမှာဆိုကွာ ပရိုဂျူဆာ ကိုယ့်ဘာကိုယ် ရှာကွာ။ ကိုယ်တိုင်ကြိုးစား ကိုယ့်သီချင်းကိုယ်တီး လိုင်းပေါ်မှာ ကြော်ညာလိုက် ဘယ်လောက်ကောင်းလဲကွာ။ အခုက မျက်နှာငယ်လေးတွေနဲ့ ကြည့် ဘာလဲကွာ အဲ့မှာ ကိုယ်ပြောလိုက်လို့ သူတို့ ပလက်လှန်သွားရင်လည်း ဒုက္ခ။ ဒါပေမယ့်လည်း အဲ့လိုလုပ်လို့မရပြန်ဘူး။ ဒိုင်အရည်ချင်းရှိမှ ဒိုင်လုပ်လို့ရမှာ။ အဲ့တော့ ကျွန်တော် ဒိုင်မလုပ်ချင်ဘူး”

“တချို့ဟာတွေကတော့ ငါတို့တယောက်နဲ့ တယောက် အယူဆချင်းမတူကြဘူးလေ။ ငါတို့ကျတော့ ပြိုင်ဆိုင်တယ်ဆိုတာ အရည်အတွက် ပါရမီပါရင် ပြိုင်ဆိုင်စရာမလိုဘူး။ ကိုယ်ဆိုစရာရှိတာဆို ကိုယ့်အလုပ်ကိုလုပ် မာန်မလျော့နဲ့ ဇွဲမလျော့နဲ့ တချိန်ကျရင် အောင်မြင်လိုက်မယ်။ ကိုယ်တွေဆို အဲ့လိုမျိုး ဖြတ်သန်းလာတာ။ အနုပညာဝမ်းစာကို ကိုယ်ကိုယ်တိုင် ဖြည့်ရတယ်။ အနုပညာဝမ်းစာကို ငယ်ငယ်ကတည်းက ဖြည့်တင်းလာတယ်။ ကိုယ်ဘာကိုယ် အလုပ်လုပ်ပြီး ပရိုဂျူဆာရပြီးမှ ဒီလိုမျိုး ထူးအယ်လင်းဆိုတာ ဖြစ်လာတာ။ ဘာလို့လဲဆိုတော့ သွားပြိုင်လည်း ရှုံးမှာပဲ။ ဘာလို့လဲဆိုတော့ တယောက်တပေါက်ပဲလေ။ ကိုယ်တွေကတော့ အဲ့လိုမျိုး ပြိုင်ဆိုင်နေတာကို မကြိုက်ဘူး။ ဇရှိရင် ကြိုးစား အေးဆေးပဲ”

ဂီတရေစီးကြောင်း ပြောင်းလဲလာတဲ့အပေါ်မှာတော့ “ငါတို့ကတော့ ဘီးကျဲတွေ ဖြစ်နေပြီလေ။ သက်လတ်ပိုင်းရောက်သွားတော့။ လူငယ်တွေဆိုတာကတော့ အမြဲတမ်းသူတို့ကတော့ ခေတ်ကာလနဲ့ အညီဖြစ်နေမှာပဲလေ။ သူတို့ပုံစံနဲ့ သူတို့ကတော့ ဖန်တီးမှုတွေ ကောင်းဦးမှာပဲလေ။ မီးခြစ်ဆံလိုမျိုး ခြစ်လိုက်တဲ့အချိန်မှာ လင်းပြီး ပြန်ငြိမ်းသွားတဲ့ အဆိုတော် ပေါက်စနလေးတွေတော့ တော်တော်များများတော့ တွေ့ဖူးပါတယ်။ ကျွန်တော်ကတော့ အဲ့လိုမျိုး မဖြစ်စေချင်ဘူး။ အခုဆိုလည်း ဘန်နီဖြိုးတို့ဘာတို့ ရှိတာပဲ အဲ့ကောင်လေးတွေဆို ချစ်စရာလေးတွေ ဒီကောင်လေးတွေ သိတယ်မလား။ နောက်ပြီးတော့ လွှမ်းပိုင် Bobbey Soxer တို့ ခပ်စွာစွာလေးတွေ မိုက်တယ်လေနော့်။ ကျွန်တော်ကြားဖူးသလောက်ပြောတာ။

ဒီဖက်ခေတ်မှာလည်း အဲ့လိုလေးတွေများပါတယ်။ မီးခြစ်ဆံလိုမျိုးတော့ မဖြစ်စေနဲ့ပေါ့။ အနုပညာအရ အောင်မြင်ဖို့ပဲ ကြိုးစားကြပါ။ ငွေရေးကြေးရေးကြောင့် အနုပညာကို မရှာပါနဲ့။ အနုပညာမှာ အောင်မြင်သွားရင် မင်းတို့ကို ပွဲတွေကနေပြီးတော့ အောင်မြင်မှု ပြန်ပေးလိုက်မယ်။ သပ်သပ်ရပ်ရပ်ဆိုကြ ကြိုးစားကြ စည်းစနစ်လေးနဲ့ ဆိုရင်တော့ မဆိုးပါဘူး။ အခွေရောင်းပြီး မြတ်တယ်ဆိုတာကတော့ မရှိပါဘူး။ အနုပညာဖက်မှာ အောင်မြင်အောင်သာလုပ် အခွေရောင်းပြီး အောင်မြင်ဖို့တော့ မလုပ်နဲ့။ ကိုယ်တွေလည်း အဲ့လိုမျိုး လမ်းလျှောက်နေတာပဲလေ” ဟု ပြောကြားသွားခဲ့ပါတယ်။