ဗုဒ္ဓဘာသာဝင်ပီသတဲ့ သူတယောက်ဖြစ်ချင်တယ်ဆိုတဲ့ စိုးပြည့်သဇင်

0
79

အသားရေလှပပြီး ချစ်စရာကောင်းတဲ့ မင်းသမီးလေး စိုးပြည့်သဇင်ကတော့ ဘာသာတရား ကိုင်းရှိုင်းသူ တယောက်ဖြစ်ပါတယ်။ ဘာသာတရား ကိုင်းရှိုင်းသလို စိုးပြည့်သဇင်ကတော့ အလှူအတန်းတွေလည်း လုပ်ကိုင်နေတဲ့ မင်းသမီးတယောက်လည်း ဖြစ်ပါတယ်။ သူ့အနေနဲ့ အလှူအတန်းလုပ်ရတာ ကြည်နူးလို့ ခဏခဏ လုပ်ဖြစ်ကြောင်းလည်း ပြောကြားသွားခဲ့ပြီး ဗုဒ္ဓဘာသာဝင် ပီသတဲ့လူတယောက်ဖြစ်ဖို့ ကြိုးစားနေကြောင်း ပြောကြားသွားခဲ့ပါတယ်။

စိုးပြည့်သဇင်ကတော့ အလှူတွေ လှူဖြစ်နေရတာနဲ့ ပတ်သက်ပြီး “ကိုယ်တိုင်လှူဖြစ်တာက ဘာကြောင့်လည်းဆိုတော့ ကိုယ်လှူတဲ့အချိန် အဲ့လူတယောက်စားတာကို ကြည့်နေရင် ပိုပြီးတော့ ပီတိဖြစ်တယ်။ လှူတာကတော့ လှူလိုက်လို့ရတယ်။ ကိုယ်အားနေတဲ့အချိန်ဆိုရင်တော့ ကိုယ်တိုင်လှူဖြစ်တာများပါတယ်။ ဒါမှ ကိုယ်တိုင်ပီတိဖြစ်မိတာ ဖြစ်ပါတယ်။ အဲ့လိုမျိုးကို ပျော်တာပါ”

ညီအစ်မ ၄ ယောက်စုပြီးတော့ လှူဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး စိုးပြည့်သဇင်က “လှူဖို့ စဉ်းစားထားတာတွေကတော့ အရင်ကတည်းကပါပဲ။ နောက်တော့ မခိုင်နှင်းဝေဆီမှာ လှူလိုက်မယ်ပေါ့။ စိုးပြည့်တို့က ပြည့်စုံနေတဲ့ နေရာထက် မပြည့်စုံတဲ့နေရာကို ပိုပြီးတော့ လှူချင်တာပါ။ အဲ့လိုမျိုးစိတ်က ပိုသန်ပါတယ်။ လိုအပ်တဲ့နေရာမှာ လှူရတာ ပျော်ပါတယ်။ နှစ်တိုင်း စိုးပြည့်လှူဖြစ်ပါတယ်။

ဗုဒ္ဓဘာသာကို အဓွန့်ရှည်စေချင်တယ်။ ဒါကြောင့် ရှင်ပြုပေးရတာကို သဘောကျတယ်။ ယောကျာ်းလေးမှန်လို့ ရှိရင် ရှင်ပြုရပါတယ်။ ဒါပေမယ့်လည်း ရှင်မပြုနိုင်တာတွေ ရှိပါတယ်။ တချို့တွေဆို ရှင်ပြုပေးဖို့ ကြိုးစားရပါတယ်။ ဒါကို ကိုယ်က လှူလိုက်မယ်ဆိုရင်တော့ သူတို့ ဘဝမှာလည်း ရှင်ပြုရမယ့်အရာ ပြီးသွားပြီ။ သူတို့မိဘတွေလည်း ပြေလည်သွားတယ်။ အဲ့ဒါလေးကို သဘောကျလို့ပါ။ စိုးပြည့်သီလရှင်ဝတ်လိုက်လို့လည်း ပြောင်းလဲသွားတာ မဟုတ်ပါဘုး။ အရင်ကလည်း အမေကပြောဖူးတယ်။ အဓိကလူရယ်ဖြစ်လာလို့ရှိရင် ငါးပါးသီလလုံဖို့ ကြိုးစားရမယ်လေ။ အဲ့ဒါကိုလည်း လက်ခံပါတယ်။ စိုးပြည့်အနေနဲ့ ဗုဒ္ဓဘာသာဝင် ပီသတဲ့ လူတယောက်ဖြစ်ချင်တာပါ” ဟု ပြောကြားသွား ခဲ့ပါတယ်။