မိန်းမကို အမြဲစိတ်ချမ်းသာအောင် ထားတယ်ဆိုတဲ့ ပြေတီဦး

0
60

ဇနီးမယား ၊ သမီး ၊ သားနဲ့ အတူ ပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို ပုံဖော်ထားသူက ပြေတီဦးပါ။ လင်နဲ့မယား နှစ်ဦးစလုံးက အနုပညာလောကမှာ အောင်မြင်သူတွေ ဖြစ်တဲ့အလျောက် တစ်ဦးနဲ့တစ်ဦး နားလည်မှုလေးတွေတော့ လိုပါတယ်။ အနုပညာအလုပ်တွေနဲ့ အမြဲအချိန်ပြည့်နေတဲ့ သူတို့နှစ်ဦးက မိသားစုအတွက် ဘယ်လိုအချိန်ပေးဖြစ်လဲ ဆိုတာတော့ စဉ်းစားစရာပါ။

အိမ်ထောင်ရေးမှာ ပြဿနာနည်းရတဲ့ အကြောင်းရင်းကို ပေါ်ပြူလာ မီဒီယာနဲ့ အင်တာဗျူးမှာ ပြေတီဦးက ခုလို ပြောပြသွားပါတယ်။“ပြဿနာတစ်ခုကို မြင်ကြတဲ့ ပုံစံချင်းတော့ မတူနိုင်ဘူးလေ။ သူရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်နဲ့ ကျွန်တော် ရှင်သန်ခဲ့တဲ့ ပတ်ဝန်းကျင်မှ မတူတာ။ ဆွေးနွေးစရာ ရှိလာပြီဆိုရင် ဒီပြဿနာနဲ့ပတ်သက်လို့ သူ့ရဲ့အမြင်တွေ အကုန်လုံး ပွင့်ပွင့်လင်းလင်းပြော ကျွန်တော်ကလည်း ကျွန်တော်မြင်တဲ့ဟာကို ပွင့်ပွင့်လင်းလင်း ပြောတယ်။ ငါပြောတဲ့စကားကိုပဲ လက်ခံရမယ်ဆိုတဲ့ အတ္တပါရင်တော့ အဖြေမထွက်ဘူးပေါ့နော်။ ကျွန်တော်ကလည်း သူပြောတာကို သေချာ နားထောင်ပေးတယ်။ ကျွန်တော်ပြောတာကိုလည်း သူ နားထောင်တယ်။ များသောအားဖြင့် ကျွန်တော် အမြဲတမ်းပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ မိန်းမ စိတ်ချမ်းသာရင်ပြီးရော ကြိုက်တာလုပ်ဆိုပြီး အမြဲတမ်း ခွင့်ပေးတယ်။ ကျွန်တော်အနေနဲ့ သူလုပ်ချင်တာ မှန်သမျှကို ပေးမလုပ်တာ ဘာမှမရှိဘူး။” လို့ ဆိုပါတယ်။

အူဝဲရဲ့ အကြိုက်ကို အလိုက်သိတတ်ကြောင်းလည်း ပြေတီဦးက ခုလို ကြွားလုံးလေး ထုတ်သွားပါတယ်။“လင်ရယ် မယားရယ် ဖြစ်လာပြီဆိုရင် ဖြစ်ချင်တဲ့ ဆန္ဒတွေ ရှိတာပေါ့။ ကိုယ်ဖြစ်ချင်တဲ့ ဆန္ဒလေးကို ကိုယ့်ရဲ့ အိမ်ထောင်ဖက်က လိုက်လျောပေးအောင် ပြောလို့ရတဲ့ နည်းတွေ ရှိတယ်။ ဥပမာ-သူက ဘာကြိုက်တတ်လဲ။ ဘယ်လိုပြောရင် ကြိုက်တတ်သလဲ။ အဲ့ဒါကိုတော့ တစ်ယောက်ကို တစ်ယောက် အပြန်အလှန် လေ့လာဖို့ တာဝန်နှစ်ယောက်စလုံးမှာ ရှိတယ်။ သူဘယ်လိုပြောရင် ကြိုက်သလဲဆိုတာမျိုးကိုတော့ ကျွန်တော်လေ့လာထားဖို့တော့ လိုတာပေါ့။ သူလိုက်လျောချင်စိတ်လေး ဖြစ်လာအောင် ပြောလို့ရှိရင်တော့ သူလိုက်လျောမှာပေါ့။ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုပုံစံနဲ့ပြောရင် ကြိုက်သလဲဆိုတာကိုတော့ မတူဘူးပေါ့။

ကျွန်တော်နဲ့ပတ်သက်ရင် အူဝဲကို ဘယ်လိုပြောထားလဲဆိုတော့ ကိုယ်ကတော့ ချစ်ကိုလေ့လာတယ်။ ဘယ်လိုပြောလို့ရမလဲဆိုတာကို အမြဲတမ်းလေ့လာတယ်။ ချစ်ကြိုက်တဲ့ ပုံစံပဲ ပြောတယ်။ ချစ်ကကျတော့ ကိုယ့်ကို မလေ့လာနဲ့။ ကိုယ်က ဘယ်လိုပြောလို့ရှိရင် ရမလည်း ဆိုတာကို တစ်ခါတည်း ပြောပြမယ်ဆိုပြီး ကျွန်တော့် အကြောင်းကို ပြောပြထားတာ။ သူ ကျွန်တော့်ကို လေ့လာစရာ မလိုအောင်ကို တစ်ခါတည်း ပြောပြထားတာ။ သူက ပြောစရာရှိရင် အဲ့ပုံစံပဲ ပြောတော့ ကျွန်တော်တို့လင်မယား ရန်ဖြစ်စရာ မလိုတော့ဘူး။” ဆိုပြီး သူ့ရဲ့ တော်ကီအလန်းတွေကို ပြောပြသွားပါတယ်။

အူဝဲကို ကျေးဇူးတင်တဲ့ အချက်တွေကိုလည်း ပြေတီဦးက ခုလိုပြောပြပါတယ်။“သူ့ကို အရမ်းကျေးဇူးတင်တယ်။ကျွန်တော်တို့ကျတော့ အလုပ်တွေ များတယ်လေ။ ကိုယ့်ရဲ့ဇောနဲ့ ကိုယ့်ရဲ့ ဦးတည်ချက်နဲ့ သွားနေတဲ့အခါမှာ နောက်ကမိန်းမက ဇက်ကြိုးကို ဆွဲပြီး ပွတ်ကျိပွတ်ကျိ လုပ်နေမယ်ဆိုရင် ကျွန်တော်က ပြေးချင်သလောက် ပြေးလို့မရဘူးပေါ့နော်။ သူကကျတော့ အဲ့လိုမလုပ်ဘူး။ ကျွန်တော် လုပ်ချင်တာ မှန်သမျှကို အားပေးတယ် supporting လုပ်ပေးတယ်ဆိုတော့ ကျွန်တော်ပြေးချင်သလောက် ပြေးလို့ရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ပြေတီဦးက ထိပ်စီးပြောင်းမယ့် နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ဘုန်းကြီးဝတ်ပြီး ကုသိုလ်ယူမယ်လို့ သိရပါတယ်။