မီ နဲ့ ခီကို အတူတွဲပြီး တွေ့ရမယ့် ထာဝရနှောင်ကြိုး ရုပ်ရှင်

0
53

“မီ” ရုပ်ရှင်ကားကြီးမှာ ပီပြင်အောင် သရုပ်ဆောင်ပြီး ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ ပိုင်ဖြိုးသုက ခီမောင်နှံနဲ့ လက်တွဲပြီး နောက်ထပ်ရုပ်ရှင်ကားကြီး ရိုက်ကူးတော့မှာပါ။ Now and Ever (ထာဝရနှောင်ကြိုး) ရုပ်ရှင်ကားကြီးမှာ သီဟနဲ့ဝတ်မှုံအဖြစ် ဇဏ်ခီနဲ့ ပိုင်ဖြိုးသုက သရုပ်ဆောင်မှာဖြစ်ပြီး central base production က ရွေးထုတ်လိုက်တဲ့ သရုပ်ဆောင်သစ်တွေလည်း ပါဝင်အားဖြည့်ထားပါတယ်။

ဝတ်မှုံဇာတ်ရုပ်နေရာမှာ သုသုကို ရွေးချယ်ရခြင်း အကြောင်းရင်းကို ဇဏ်ခီက ခုလို ပြောပြသွားပါတယ်။

“သုသုကတော့ ဝတ်မှုံနဲ့ ရာနှုန်းပြည့် ကွက်တိကျတယ်လို့ ကျွန်တော်မြင်တယ်။ ခရစ္စလည်း အရမ်းသဘောကျတယ်။ တကယ်လို့ သုသုက သာ schedule နဲ့ မကိုက်ခဲ့ဘူး မအားဘူး တခြား project တွေ ယူထားတယ်ဆိုရင် ကျွန်တော်တို့နဲ့ လွတ်သွားမှာပေါ့။ သူအားနေတဲ့ အချိန်ကာလလည်း ဖြစ်သွားတယ်။ သူလည်း ပရောဂျက်တွေ အများကြီး မယူထားဘူး ပြောတယ်။ ရှေ့နှစ်ဆို ဘရိတ်အုပ်မယ်တဲ့။ သေသေချာချာ တစ်ကားဆိုတစ်ကား လုပ်မယ်ဆိုတော့ ကျွန်တော်တို့ သွားချင်တဲ့ ပုံစံနဲ့ တစ်ထပ်တည်း ကျတယ်ပေါ့နော်။ ဒီကားကို သူအရမ်းစိတ်နှစ်ထားတယ်။ location တွေလည်း အခုရှာပြီးပြီ။ အကုန်လုံးက ready ဖြစ်လုနီးပါး ဖြစ်နေပြီဆိုတော့ ရိုက်ပြီးတော့ ပရိသတ်ကို ပြဖို့ပဲ ကျန်တော့တယ်။” လို့ ဆိုပါတယ်။

ကာရိုက်တာအတွက် လေ့ကျင့်ပြင်ဆင်ပေးမှု အပိုင်းကိုလည်း ဇဏ်ခီက ခုလိုရှင်းပြပါတယ်။

“ထရိန်နင်ကတော့ အရမ်းကို ခက်ခဲတယ်ပေါ့နော်။ ကိုယ့်ကိုယ်ကိုယ် အရမ်းသက်တောင့်သက်သာ လူတွေက နေချင်ကြတယ်။ ဒါပေမဲ့ ထရိန်နင် ကကျတော့ သက်တောင့်သက်သာ မဖြစ်တဲ့ postion တစ်ခု ကို ပို့ပေးပြီး ကိုယ့်ရဲ့ အရင်အကျင့်တွေကို ဖျောက်ပေးတဲ့ သဘောပေါ့။ ကျွန်တော်လုပ်ရမယ့် ကာရိုက်တာဆိုရင် နောက်လူတစ်ယောက် ဖြစ်သွားပြီဆိုပေမဲ့ ပြီးခဲ့တဲ့ ကားက အကျင့်တွေ ရှိနေတယ်။ ကျွန်တော့်ရဲ့ ပင်ကိုယ်စရိုက် ဇဏ်ခီဆိုတဲ့ အကျင့်တွေ ရှိနေတယ်။ အဲ့အကျင့်တွေက ကာရိုက်တာ အသစ်နဲ့ မဆိုင်ဘူး မဆက်စပ်ဘူးဆိုရင် ပြဿနာရှိတယ်။ အဲ့တော့ ကိုယ်က အရှင်းကြီး ဖြစ်နေဖို့လိုတယ်။ ဒီတော့ acting workshop တွေက ရှင်းထုတ်ပေးတာပေါ့။” ဆိုပြီး ပြောပြသွားပါတယ်။

ပရိသတ်တွေ မျှော်လင့်မထားတဲ့ ပုံစံတစ်ခု ဖြစ်မလားလို့ မျှော်လင့်မိကြောင်း ဇဏ်ခီက ခုလို ဖွင့်ဟသွားပါတယ်။“သုသုက “မီ”မှာတည်းက method အတိုင်းသင်ဖို့ စာအုပ်တွေ ဖတ်ထားတယ်။ ဒါပေမဲ့ တစ်ခါမှ train မလုပ်ဖူးတော့ training စဆင်းတည်းက အရမ်းကို စိတ်လှုပ်ရှားပြီး တကယ်လည်း ဆင်းရော သူအရမ်းကို ကြိုက်သွားတယ်။ Train လုပ်ထားတဲ့လူတွေ တစ်စုလုံးကြီး တူတူတွဲလုပ်ရမှာဆိုတော့ ပရိသတ်မမျှော်လင့်ထားတဲ့ ကျွန်တော်တို့ကိုယ်တိုင် မမျှော်လင့်ထားတဲ့ ပုံစံတစ်ခုခု ထွက်လာမလားပေါ့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ခရစ်(စ) တီးနားခီ ကိုယ်တိုင် ဒါရိုက်တာလုပ်ပြီး ရိုက်ကူးပေးမယ့် Now and Ever အတွက် ပရိသတ်တွေက ကြိုတင်ရင်ခုန်နေကြသလို ဇဏ်ခီနဲ့ တွဲဖက်ပြီး ခေါင်းဆောင်မင်းသမီးနေရာက ဘယ်တော့များမှ သရုပ်ဆောင်မလဲဆိုတာပါ သိချင်နေကြပါတယ်။