2018 Siena International Photo Awards ဓာတ်ပုံဆုပေးပွဲမှာ နိုင်ငံပေါင်း ၁၅၆နိုင်ငံက ဓာတ်ပုံပညာရှင်ပေါင်း ၄၈၀၀၀ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သလို 2016 ၊ 2017 တွေတုန်းက အတိုင်းပဲ ပညာရှင်တွေအကြား အတော့်ကိုရွေးရခက်ခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ဆုရဓာတ်ပုံပညာရှင်တွေရဲ့ အပြင်းစား၊ အမိုက်စားလက်ရာတွေ ပေါ်ထွက်လာလို့ မြင်တွေ့ ခံစားခွင့်ရခဲ့ပါတယ်။ ဒီလက်ရာတွေထဲက တချို့ကို ရွေးချယ်လို့ အခုတင်ဆက်ပေးချင်ပါတယ်။
El Calbuco, Chile
ချီလီနိုင်ငံက Largos ဒေသမှာ Calbuno မီးတောင်ကြီးပေါက်ကွဲခဲ့တဲ့နောက် မီးတောက်မီးလျှံ ၊ မီးခိုးငွေ့ထုတွေ၊ ချော်ရည်ပူပြာပူငွေ့ရည်ထုတွေ နဲ့ လျှပ်စီးမိုးကြိုးလက်တဲ့အချိန် ပေါင်းစပ်ပြီး တစ်ပြိုင်တည်းမှာပဲ အလှပဆုံးနဲ့ ကြောက်မက်ဖွယ် ဖြစ်နေအောင် သရုပ်ထင်စေခဲ့တဲ့ သဘာဝတရားအကြီးအပေါ် အကောင်းမွန်ဆုံး ရိုက်ယူထားခဲ့တဲ့ ဓာတ်ပုံလက်ရာမွန်တစ်ခုပါပဲ။
စိတ်ခံစားမှုကို မျှဝေခြင်း
ခေါင်းစဉ် နဲ့ အတော်ကိုလိုက်ဖက်ကျက်သရေရှိတဲ့ လက်ရာမြောက် ဓာတ်ပုံဖြစ်ပါတယ်။ လှပညွှတ်နူးဖွယ်ကောင်းသလို ကြည်လင်လှတဲ့ စိတ်အခံအလှမှာ ဆွတ်ပျံ့စရာလည်း ကောင်းနေပြန်ပါတယ်။ အမြင်အာရုံ ငြိမ်းအေးမှုတွေ တန်းပြီး စီးဆင်းလာစေတဲ့ သဘာဝလက်ရာပါပဲ။
မြောက်ဝင်ရိုးစွန်း အာတိတ်ဒေသ မြေခွေး
ဘုန်းအရှိန်အဝါနဲ့ ခံညားပြီး ခမ်းနားထည်ဝါနေတဲ့ အငွေ့အသက်တွေနဲ့ တောဘုရင်ကြီးတစ်ကောင်လို တည်ရှိနေပုံ မြေခွေးကြီးကို ရိုက်ယူနိုင်ခဲ့ဖို့ ဓာတ်ပုံဆရာအတွက် ရှားရှားပါးပါးရရှိလာခဲ့တဲ့ အခွင့်အရေး ပါပဲ။ ၂နာရီကြာ တိတ်ဆိတ်ချိန်ယူစောင့်ဆိုင်း ခဲ့ရပြီး မျက်လုံးအိမ်ထဲက ဆာလောင်မှု၊ ပြင်းပြမှု၊ ရဲရဲတောက် နေတဲ့ မီးတောက်မီးလျှံလို စူးရှနေတဲ့ အကြည့်တွေက သွေးကြီးမွေးကြီးနိုင်လွန်းပြီး အသက်ကိုနှုတ်ယူနိုင်စေတဲ့ အရသာမျိုးပါပဲ။ ပန်းရောင်လျှာကိုပါ လှလှပပ ထည့်ပြထားနိုင်ခဲ့ပါတယ်။
ကော့စမစ် တောရိုင်းပန်းများ
ဘရာဇီးက Paepalanthus တောရိုင်းပန်းခင်းတွေကို Panorama ရှုခင်းမြင်ကွင်းအနေနဲ့ နောက်ခံပုံစံ မှာ နဂါးငွေ့တန်းတွေနဲ့ တွဲဖက်ခံစားရမှာဖြစ်ပါတယ်။ ပန်းချီကားတစ်ချပ်လို မက်မက်စက်စက်ပါပဲ။
ပျောက်ကွယ်လုခင်
ကင်ညာနိုင်ငံက Masai Mara အမျိုးသာဥယျာဉ်ထဲမှာ အမှတ်မထင် ရိုက်ကူးရယူနိုင်ခဲ့တဲ့ ဓာတ်ပုံပါပဲ။ သစ်ရွက်တွေက ဟိုးအဝေးကိုပျံထွက်သွားသလို၊ ကြံ့သတ္တဝါကြီးရဲ့ အနက်ရောင်အရိပ် ပုံရိပ်သဏ္ဍန် စသဖြင့် သဘာဝစိမ်းလန်းမှု၊ သက်ရှိမျိုးစိတ်တွေရဲ့ ရှားပါကုန်ဆုံးလာမှုကို ထင်ဟပ်စေခဲ့လို့ သဘာဝပတ်ဝန်းကျင်ကိုယ်စားပြု ဓာတ်ပုံလက်ရာမွန်ဖြစ်ခဲ့ပါတယ်။
နီမိုငါးကလေး
အတော်လေးပြောင်မြောက် ထိရောက်တဲ့ လက်ရာပါ။ အမိကမ္ဘာမြေ သဘာဝပတ်ဝန်းကျင်ကြီးကို အမှီသဟဲပြု ရှင်သန်နေထိုင်နေရတဲ့ တိရစ္ဆာန် လေးတွေရဲ့ ဖြစ်တည်မှု ကို အလှပဆုံး ပြသနိုင်ခဲ့တာပါ။ အံ့သြဖွယ်ရာ စိတ်ကူးဖန်တီးမှုအလှကိုမြင်ရမှာပါ။
ရင်သားကင်ဆာ
ရင်သားကင်ဆာ ဟာ ကမ္ဘာကို ရိုက်ပုတ်ထိုးနှက်လာတာ အတော်ကြာပါပြီ။ အောက်တိုဘာလ နောက်ပိုင်းမှာ ရင်သားကင်ဆာရောဂါအတွက် အသိပညာပေးဖို့ ပန်းရောင်ဖဲကြိုးလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြတာပါ။ ဒါကိုအထိရောက်ဆုံး ပုံဖော်ပြနိုင်ခဲ့တဲ့ ခံစားမှုအားပြင်းပြတဲ့ ဓာတ်ပုံ လက်ရာကောင်းတစ်ခု ဖြစ်ခဲ့ပါတယ်။
ZAW (H2H)