ရုပ်ရှင်နဲ့ကွဲလွဲနေတဲ့ Marvel ကာရိုက်တာတွေရဲ့ အမှန်တကယ်သေဆုံးသွားရခြင်းအကြောင်းများ

တစ်ကမ္ဘာလုံးကို ကိုင်လှုပ်သွားခဲ့တဲ့ Marvel ရဲ့ Avengers Endgame ကြီးကတော့ ရုံတွေမှာပြသွားတာလအနည်းငယ်ကြာပြီဖြစ်သလို Extended Cut တွေနဲ့ ရုံတင်သွားခဲ့တာလည်းအချိန်အနည်းငယ်ကြာပြီဖြစ်လို့ ဝေဖန်မှုတွေကလည်း တစ်စထက်တစ်စကျဲပါးသွားခဲ့ပါပြီ။ ဒါပေမယ့် Infinity War နဲ့ Endgame မှာ အကြောင်းအမျိုးမျိုးနဲ့ဆုံးပါးသွားရတဲ့ ကာရိုက်တာတွေနဲ့ပတ်သက်ပြီး သိပ်ပြီးဘဝင်မကျသူတွေကလည်းရှိနေပါတယ်။ ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ရုပ်ရှင်နဲ့ကွဲလွဲနေခဲ့တဲ့ comic တွေထဲက  Marvel ကာရိုက်တာတွေရဲ့ အမှန်တကယ်သေဆုံးရခြင်းတွေကိုဖော်ပြပေးလိုက်ပါတယ်။

Loki

Loki ကိုလူတွေက ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူ၊ သူ့အစ်ကိုအပါအဝင် လူတွေကို ဒုက္ခပေးဖို့ပဲချောင်းနေတဲ့ လှည့်ဖျားတတ်တဲ့သူလို့ယူဆထားကြပေမယ့် Comic ထဲမှာတော့ Loki ဟာ Thor နဲ့ Asgard အတွက် သူ့ရဲ့ အသက်ကိုစတေးခဲ့တဲ့သူပါ။ Asgard ဟာ နေရာတစ်ခုမဟုတ်ဘူး၊သူ့ရဲ့ပြည်သူတွေဖြစ်တယ်ဆိုတဲ့စကားကို Loki က ကောင်းကောင်းလက်ခံထားသူဖြစ်ပြီး Asgard နဲ့ သူ့ရဲ့အစ်ကိုကို ကယ်ဖို့သူ့အသက်ကိုအသေခံသွားခဲ့ပါတယ်။ ဒါပေမယ့် Loki ဟာ နတ်ဘုရားတစ်ပါးဖြစ်တာကြောင့် လုံးဝသေသွားတာမျိုးမဟုတ်ပဲ နောက်ပိုင်းမှာ ပြန်ရှင်လာခဲ့တယ်လို့လည်းသိရပါတယ်။

Hawkeye

Hawkeye ကတော့ comic ထဲမှာHero ဆန်ဆန်သေဆုံးသွားခဲ့တာပါ။ Hawkeye ဟာ ကမ္ဘာပေါ်ကို ကျူးကျော်လာတဲ့ ဂြိုဟ်သားယာဉ်ပျံကြီးထဲကို သူ့ရဲ့ ပေါက်ကွဲစေတဲ့မြှားတွေကိုပစ်လွှတ်ရင်းသူကိုယ်တိုင် ခုန်ဝင်တိုက်ခိုက်ပြီးသေဆုံးသွားခဲ့တာဖြစ်ပါတယ်။ တကယ်တော့ အဲဒီ ဂြိုဟ်သားယာဉ်ပျံကြီးဟာ Scarlet Witch က ဖန်တီးထားခဲ့တာပါ။ Scaret Witch ဟာ အကြောင်းတစ်ခုကြောင့် ဒေါသအလွန်ထွက်ပြီး စိတ်ပုံမှန်မဟုတ်တော့ပဲ သူမရဲ့ စိတ်ညို့လှည့်စားနိုင်တဲ့ အစွမ်းတွေကိုအသုံးပြုပြီး ဂြိုဟ်သားတွေပါဝင်တဲ့ဖျက်ဆီးရေးယာဉ်ပံျံကြီးကိုဖန်တီးကာHawkeye အပါအဝင် Avengers တွေကို သေလုမျောပါးတိုက်ခိုက်ရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်သွားစေခဲ့ပါတယ်။အဲဒီဖြစ်စဉ်ထဲမှာ Hawkeye ရဲ့အသက်ကိုစတေးခဲ့ရတာပါ။

Vision

Vision ကလည်းအပေါ်မှာပြောခဲ့သလိုပဲ Scarlet Witch ရဲ့ ကမ္ဘာဖျက်ယာဉ်ပျံကြီးကိုဖန်တီးပြီး အကုန်လုံးကိုရှုပ်ထွေးသွားစေခဲ့တဲ့ ဖြစ်ရပ်ထဲမှာအသက်ပေးလိုက်ရတာပါ။ ဒါပေမယ့် Vision ကတော့ Scarlet Witch ရဲ့ လက်ချက်နဲ့ပဲဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့တာလို့ဆိုနိုင်ပါတယ်။ Scarlet Witch ဟာ ကိုယ့်ကိုယ်ကိုယ် Hulk လို ကြီးမားတဲ့ ခန္ဓာကိုယ်ဖြစ်အောင်ပြောင်းလဲပြီး Vision ကို တစ်စစီဖြစ်အောင်စုတ်ဖြဲလိုက်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Wanda ရဲ့ စွမ်းအားတွေကပေါ့သေးသေးမဟုတ်ပဲ Avengers တွေအတွက်ခြိမ်းခြောက်မှုတစ်ခုဖြစ်လာနိုင်တာကိုမြင်ရမှာပါ။

Star-Lord

ပရိသတ်တွေချစ်တဲ့ Star-Lord ကတော့ Endgame ထဲမှာ Thor နဲ့ပေါင်းမိသွားပြီး ရှေ့ခရီးဆက်သွားကြတာကိုတွေ့ရပါတယ်။ ဒါပေမယ့် တကယ့် Comic တွေထဲမှာတော့ Starlord ဟာ Drax နဲ့ Nova နဲ့အတူ Universe အသစ်တစ်ခုထဲရောက်သွားပြီး အဲဒီထဲမှာ Thanos နဲ့ ရင်ဆိုင်အနိုင်ယူရင်းပဲ သူ့ရဲ့ ဘဝကိုအဲဒီထဲမှာ ပိတ်မိပြီး ပြန်ထွက်မလာနိုင်တော့ဘူးလို့ဆိုပါတယ်။ အဲဒီ Universe မှာက အကြောင်းတစ်ခုကြောင့် Universe ရဲ့ သေမင်းက အသတ်ခံလိုက်ရပြီး သေခြင်းတရားမရှိတော့တဲ့အခြေအနေမို့ သေလိုက်ပြန်ရှင်လာလိုက်နဲ့ သံသရာလည်နေတာပါ။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ လူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်း Star-Lord က သူ့အဖွဲ့သားတွေနဲ့သူငယ်ချင်းတွေရဲ့အကူအညီကြောင့် တကယ့် Universe ထဲကိုပြန်လာနိုင်ခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

Captain America

Cap ဟာ ရုပ်ရှင်ထဲမှာတော့ သူ့ဘဝကိုအသက်ကြီးတဲ့အထိ အစကပြန်နေထိုင်သွားခဲ့ပြီး အသက်ကြီးသွားတဲ့အခါမှာ သူ့ Shield ကို Sam ကိုပေးခဲ့ပြီး တာဝန်လွှဲပြောင်းပေးအပ်သွားခဲ့ပါတယ်။ ဒါပေမယ့် Comic ထဲမှာတော့ Superhero Registration အတွက် ရုန်းရင်းဆန်ခတ်ဖြစ်နေတဲ့အခြေအနေတွေကိုထိန်းသိမ်းရင်း တရားရုံးတော်ရဲ့ လှေကားထစ်တွေပေါ်မှာ အဝေးက sniper တစ်ယောက်ရဲ့ ကျည်ဆန်ကြောင့် အသက်ပေးသွားခဲ့ရပါတယ်။ Cap လိုလူမျိုးတစ်ယောက်ကို ဒီလိုလွယ်လွယ်သတ်လို့ရတယ်ဆိုတာက ဘဝင်မကျစရာဖြစ်နေတာမို့ Endgame ထဲက အဆုံးသတ်ကသာအဖြစ်သင့်ဆုံးလို့မှတ်ချက်ချနေတဲ့သူတွေလည်းရှိပါတယ်။

Hulk

Hulk ရဲ့သေဆုံးမှုကတော့ ရင်နာစရာကောင်းတယ်လို့ဆိုရမှာပါပဲ။ Hulk ဟာ တစ်နည်းပြောရရင်သူကိုယ်တိုင်တီထွင်ထားတဲ့ Hulk ကို သတ်နိုင်တဲ့ မြှားနဲ့ပဲပစ်သတ်ခံလိုက်ရတာပါ။ Bruce Banner က သူ့ရဲ့ Hulk ဖြစ်လာနိုင်တဲ့အခြေအနေတွေကိုကုစားနိုင်ခဲ့ပြီး အဆင်ပြေနေပြီလို့ထင်ခဲ့တဲ့ အချိန်ကာလတစ်ခုမှာ Hulk ကို သတ်နိုင်တဲ့ အထူးလက်နက်ကိုတီထွင်ခဲ့ပြီး အဲဒီလက်နက်ကို Hawkeye ကိုအပ်ထားခဲ့ပြီး သူနောက်တစ်ခါ အသိစိတ်လွတ်ပြီး Hulk ပြန်ဖြစ်သွားခဲ့ရင် ပစ်သတ်ဖို့ကတိတောင်းထားခဲ့ပါတယ်။ သူ Hulk ပြန်ဖြစ်သွားခဲ့ချိန်မှာ အဲဒီကတိအတိုင်းပဲ Hawkeye က တစ်ချက်ကလေးမှ နှောင့်နှေးခြင်းမရှိပဲ ပစ်သတ်ခဲ့တာပါ။

အခုပြောပြသွားတာတွေကတော့ ရုပ်ရှင်နဲ့ကွဲလွဲနေတဲ့ Marvel ကာရိုက်တာတွေရဲ့ သေဆုံးမှုတွေအကြောင်းပဲဖြစ်ပါတယ်။ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီထဲက ဘယ်ကာရိုက်တာရဲ့သေဆုံးမှုကိုဘဝင်မကျကြဘူးလဲ။ ဘယ်ကာရိုက်တာကိုအကြိုက်ဆုံးလဲ။ပြောခဲ့ကြပါဦး။

Unicode