လင်းလင်းကို သမက်အဖြစ်ရွေးရတဲ့ အကြောင်းပြောတဲ့ ချစ်သုဝေရဲ့ ဖခင်

0
75

အဆိုတော် သရုပ်ဆောင် ချစ်သုဝေနဲ့ တေးရေးတေးဆို လင်းလင်းတို့ရဲ့ အိမ်ထောင်ရေးကတော့ ပရိသတ်တွေ အားကျချင်စရာကောင်းလောက်အောင် သာယာပြီး ချစ်စရာကောင်းတဲ့ ခေတ် နဲ့ သစ် ဆိုတဲ့ အမွှာကလေးနှစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားပါတယ်။ လက်ရှိမှာလည်း သူတို့ဇနီးမောင်နှံကတော့ ခေတ်နဲ့ သစ်ဆိုတဲ့ သူတို့ကလေးတွေနာမည်နဲ့ ဖောင်ဒေးရှင်းတခုလည်း ထောင်လိုက်ပြီ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ချစ်သုဝေ အဖေဖြစ်တဲ့ ဖခင်ဦးဇော်ဝင်းကလည်း ပြောကြားသွားပြီး သူ့အနေနဲ့ လင်းလင်းကို ဘာကြောင့် သမက်အဖြစ် ရွေးချယ်ရလဲဆိုတာကို ပြောကြားသွား ခဲ့ပါတယ်။

ချစ်သုဝေရဲ့ ဖခင်ဖြစ်သူ ဦးဇော်ဝင်းကတော့ အင်တာဗျူးတွင် “ဖောင်ဒေးရှင်းနဲ့ ပတ်သက်ပြီးတော့ အန်ကယ်ကတော့ သိတာပဲရှိပါတယ်။ မြေးလေးတွေ နာမည်နဲ့ ဒီလို ဖောင်ဒေးရှင်းလေး လုပ်တယ်ဆိုတာက အရမ်းကောင်းပါတယ်။ ဂုဏ်လည်း ယူပါတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ အန်ကယ်က ကျန်းမာရေးလည်း သိပ်မကောင်းတော့ သိပ်လည်း အကြံဥာဏ်မပေးနိုင်ဘူး။ သမီးက ဆရာဝန်ဆိုတော့လည်း သူပဲ ဦးဆောင်ပြီး လုပ်သွားတာပါ”

“ခေတ်နဲ့ သစ်ကတော့ တယောက်နဲ့ တယောက် မတူကြပါဘူး။ ခေတ်က နည်းနည်းလေး နွေးထွေးတယ်ပေါ့။ သစ်က သူ့ဟာသူလေး နေတတ်တယ်။ အဲ့လိုလေးတော့ ကွာပါတယ်။ ကျန်တာတော့ မရှိပါဘူး။ သူတို့ရဲ့ အနာဂတ်ကတော့ အန်ကယ့်ထက်စာရင် သူတို့မိဘတွေနဲ့ ဆိုင်ပါတယ်။ အန်ကယ်ကတော့ အန်ကယ့်သမီးတွေကို ပြုစုပျိုးထောင်ခဲ့ပြီးပြီ။ သူတို့က တဖန် ခေတ်နဲ့ သစ်ကို ပြုစုပျိုးထောင်ဖို့ပဲ ကျန်တော့တာပေါ့။ အန်ကယ်ကလည်း အသက်ကြီးပြီလေ”

လင်းလင်းနဲ့ ပတ်သက်ပြီး “လင်းလင်းက လူကောင်းတယောက်ပါ။ သူကို အန်ကယ်ရွေးခဲ့တာကလည်း မိသားစုအပေါ် သူတာဝန်ယူနိုင်တဲ့ အရည်အချင်းရှိတယ်။ သူ့ကိုလည်းစိတ်ချပါတယ်။ သူတို့နှစ်ယောက် စချစ်တဲ့အချိန်က အန်ကယ့်ကို အသိပေးခဲ့တာပါ။ အန်ကယ်သဘောတူခဲ့တာပါ။ လင်းလင်းက ကိုယ့်ဒူးကိုယ်ချွန်တဲ့ လူတယောက်ပါ။ သူရုန်းကန်လာတယ်။ ပြီးတော့ ဒီဘဝကို သူရောက်အောင်လုပ်နိုင်ခဲ့တယ်။ အန်ကယ်ကအဲ့ဒါကို သဘောကျလို့ ရွေးချယ်ခဲ့တာပါ” ဟုပြောကြားသွား ခဲ့ပါတယ်။