လူထုဦးလှရဲ့ အမြ ဝတ္ထုကို ရုပ်ရှင်ရိုက်ချင်တယ်ဆိုတဲ့ ခင်စန်းဝင်း

0
154

မိတ်ကပ်ပညာရှင်တွေထဲမှာ အကောင်းဆုံးထဲက တယောက်အနေနဲ့ ရပ်တည်နေတဲ့ မိတ်ကပ်ခင်စန်းဝင်းကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။ မိတ်ကပ်ခင်စန်းဝင်းကတော့ မိတ်ကပ်လောကမှာ ဆယ်စုနှစ်နဲ့ ချီအောင် အောင်မြင်နေတဲ့ မိတ်ကပ်ပညာရှင်လည်း ဖြစ်ပါတယ်။ ယခုနောက်ပိုင်းမှာဆိုလည်း ခင်စန်းဝင်းကတော့ သူ့အတွက်အနုပညာနယ်ပယ်မှာ မှတ်တိုင်လေးတွေကျန်ရှိနေစေဖို့အတွက် ရုပ်ရှင်လေးတွေ ရိုက်လာတာကို တွေ့ရပါတယ်။ သူ့အနေနဲ့ ကိုယ်တိုင်ရိုက်ချင်တဲ့ ဇာတ်ကားတွေ ရှိသလို သူအရိုက်ချင်ဆုံးကတော့ စာရေးဆရာကြီး လူထုဦးလှ ရဲ့ အမြ ဆိုတဲ့ ဝတ္ထုကို ရုပ်ရှင်ရိုက်ဖို့ ကြိုးစားမယ်လို့ ပြောကြားလာခဲ့ပါတယ်။

ခင်စန်းဝင်းကတော့ The Radar နဲ့ အင်တာဗျူးတွင် “ အမြ ဆိုတဲ့ ဇာတ်လမ်းလေးကတော့ အဓိကကတော့ ဆရာဦးဝင်းငြိမ်းပေးလို့ ဖတ်ဖြစ်တာပေါ့။ ခင်စန်းဝင်းကို အဲ့ကားပေးလိုက်ပေါ့။ သူနဲ့ လိုက်မယ်ထင်တယ်ပေါ့။ အဲ့ဇာတ်လေးကိုဖတ်စေချင်တယ်ပေါ့နော်။ နင်နဲ့လည်း လိုက်တယ်။ နင်ဆိုရင် အဲ့ဇာတ်လေးကို လုပ်နိုင်လောက်တယ်ပေါ့။ အဲ့ဒါကြောင့် သူပေးလာတယ်။ အဲ့ဇာတ်ကို ဖတ်ကြည့်မယ်။ အဲ့ဇာတ်လေးက မိန်းမတယောက်ပေါ့။ သူ့ပတ်ဝန်းကျင်မှာတွေ့တဲ့ ကလေးလေးကို သနားလို့ ပေးရင်းကျွေးရင်းနဲ့ နောက်ဆုံး မွေးစားလိုက်တာပေါ့။ ပြီးတော့ ကလေးလေးကို ၆ နှစ်သား ၇ နှစ်သားလောက်ကတည်းက မွေးစားလိုက်ပြီး မိဘအနေနဲ့ ပြုစုပျိုးထောင်ခဲ့တာပေါ့။

ပြီးရော ကလေးက အရွယ်ရောက်တယ်။ ယောကျာ်းလေးသဘာဝအရတော့ ရည်းစားထားတယ်။ မိန်းမကိစ္စတွေ ပါလာတယ်။ သူ အဆင်မပြေတဲ့အချိန်မှာတော့ ပြန်လာတော့ နောက်ဆုံး ကိုယ်က မွေးစားထားတဲ့ တစိမ်းဆိုတာသိလာပြီးတော့ ကိုယ့်ကို မိန်းမတယောက်လို ဆက်ဆံချင်လာတာမျိုးပေါ့။ အဲ့ခါမှာ မိန်းကလေးကတော့ သူ့သားတယောက်လို သဘောထားတာကြောင့် ဒါကို လက်မခံဘူးပေါ့။ နောက်ဆုံး ကောင်လေးနဲ့ တခုခုဖြစ်ပြီး ထောင်ကျသွားတာ ထောင်ကျသွားတော့မှ သူမိန်းမမဟုတ်ဘူးဆိုတာကို အားလုံးသိကြတာပေါ့။

မိန်းမနဲ့ ခွဲမရအောင် တူတဲ့ မိန်းမလျာတယောက်ပေါ့နော်။ ဇာတ်လမ်းလေးကို တအားရိုက်ချင်ပါတယ်။ ဒီဇာတ်လမ်းလေးက ဘယ်နေရာမှာ ဘာလုပ်ရမလဲဆိုတာ အမခေါင်းထဲမှာ ထွက်လာတယ်။ ဒါကြောင့်လည်း အရမ်းကို ရိုက်ချင်တာပါ။ ငွေရေးကြေးရေး အဆင်ပြေနေရင်တော့ ကိုယ်တိုင်ထုတ်ရိုက်ဖို့ရှိပါတယ်” ဟု ပြောကြားသွား ခဲ့ပါတယ်။