လျှို့ဝှက်ချက်ကိုယ်စီရှိကြတဲ့ အထူးခြားဆုံး ကျွန်းငယ်များ

0
80

သဘာဝတရားဟာ လူသားတွေ ဖန်တီးနိုင်တဲ့ အရာတွေထက် ပိုပြီးထူးဆန်းအံ့သြဖွယ်ရာ မြင်ကွင်းတွေကို ပေးစွမ်းနိုင်လေ့ရှိပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် အပန်းဖြေခရီးလည်း ထွက်ချင်စရာ ဆန်းလည်း ဆန်းပြားတဲ့ လျှို့ဝှက်နောက်ခံသမိုင်းတွေနဲ့ ကျွန်းငယ်တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်။

၁. Goqui ကျွန်း

တရုတ်နိုင်ငံက Goqui ကျွန်းဟာ လူသားတွေနေထိုင်ရာမြို့ရွာတွေကို ပစ်ထားလိုက်ရင် သဘာဝတရားက ပြန်လွှမ်းမိုးသွားမှာဖြစ်ကြောင်း ပြနေတဲ့ နေရာတစ်ခုပါ။ ဒီရွာလေးဟာ အရင်က ငါးဖမ်းသူတွေ နေထိုင်ကြပြီး နောက်တော့ ပြည်မကြီးကို တစ်ရွာလုံးပြောင်းရွေ့သွားရာမှာ ဒီအတိုင်းကျန်ခဲ့ရာမှ အချိန်ကြာလာတော့ အဆောက်အအုံတွေကို မိခင်ကမ္ဘာမြေရဲ့ အစိမ်းဓါတ်တွေ ပြန်လွှမ်းခြုံသွားပုံ ဖြစ်ပါတယ်။

၂. ရေအောက်ရေတံခွန်နဲ့ Mauritius ကျွန်း

အာဖရိကတိုက်နဲ့ ကီလိုနှစ်ထောင်လောက် အကွာမှာ ရှိတဲ့ Mauritius ကျွန်းဟာ အပူပိုင်းဒေသ နိဗ္ဗာန်ဘုံ တစ်ခုပါပဲ။ သူ့ရဲ့ထူးခြားချက်ကတော့ ကြည်လင်တဲ့ ပင်လယ်ရေအောက်မှာ သဲတွေ ချောမွေ့စွာ လှုပ်ရှားပုံကို အပေါ်ကကြည့်ရင် ရေတံခွန်တစ်ခုလို ထင်မြင်ရတဲ့အတွက် “ရေအောက်ရေတံခွန်” လို့အမည်ပေးထားကြပါတယ်။

၃. ဘရာဇီးမြွေကျွန်း

ဒီနာမည်ကို လွယ်လွယ်နဲ့ ရလာတာ မဟုတ်ပါဘူး။ ကမ္ဘာပေါ်မှာ အရှားပါးဆုံးနဲ့ အဆိပ်အပြင်းဆုံး မြွေအမျိုးအစားတစ်ခုဖြစ်တဲ့ Golden Lancehead မြွေရဲ့ ဗီဇနက်သန်နေရာမှန် ဖြစ်တဲ့အပြင် ကျွမ်းကျင်သူတွေက ဒီကျွန်းပေါ်မှာ မြွေလေးထောင်ဝန်းကျင် ရှိတယ်လို့ ခန့်မှန်းထားလို့ ဖြစ်ပါတယ်။ အန္တရာယ်ကြီးလွန်းလို့ ဘရာဇီး အစိုးရက ခရီးသွားခွင့်မရှိ နယ်မြေသတ်မှတ်ထားပါတယ်။

၎. Bouvet ကျွန်း

Bouvet ကျွန်းကတော့ ဒီကမ္ဘာပေါ်မှာ အစွန်အဖျားအကျဆုံး ကျွန်းတစ်ခုဖြစ်ပါတယ်။ သူဟာ အတ္တလန္တိတ် သမုဒ္ဒရာရဲ့ တောင်ဘက်စွန်းစွန်းမှာ တည်ရှိပြီး အခုလို အထီးတည်းရှိနေတာကြောင့် သူ့ကို ရှာဖွေတွေ့ရှိသူတိုင်း ဒီနေရာကို သူတို့အရင်ဆုံး တွေ့တာလို့ ထင်မြင်မိခဲ့ကြတယ်။ အစောဆုံး ရှာဖွေတွေ့ရှိမှုက ပြင်သစ်လူမျိုး Jean-Baptiste Charles Bouvet de Lozier ဖြစ်ပါတယ်။ ၁၇၃၉ ခုနှစ်မှာ ဒီကျွန်းကို တွေ့ရှိခဲ့တာပါ။ ဒါပေမယ့် သူချန်ခဲ့တဲ့ အချက်အလက်တွေက မတိကျတော့ ၁၈၀၈ ခုနှစ်မှာ ဗြိတိန်ဝေလငါးဖမ်းသမား James Lindsay ရောက်လာတော့မှ ဒီကျွန်းကို လူတွေပြန်သိရပြီး ၄င်းက သူ့နာမည်ကိုလိုက်ကာ Lindsay ကျွန်းလို့ ခေါ်ဝေါ်စေခဲ့တယ်။ ၁၇ နှစ်အကြာမှာ နောက်ထပ် ဝေလငါးဖမ်းသမား တစ်ယောက်က ထပ်တွေ့ပြန်ပြီး Liverpool ကျွန်းလို့ နာမည်ပေးပြန်ရော။ အငြင်းအခုန်ပေါင်းများစွာကို ကျော်ဖြတ်ပြီးမှ ၁၉၇၁ ခုနှစ်မှာ ဒီကျွန်းကို ပထမဆုံး တွေ့ရှိခဲ့သူ Bouvet ရဲ့အမည်တိုင်း မှည့်ခေါ်စေခဲ့ပါတယ်။

၅. Clipperton ကျွန်း

Clipperton ကျွန်းဟာ ပစိဖိတ်သမုဒ္ဒရာထဲက သန္တာကျောက်ကျွန်း ဖြစ်ပါတယ်။ အခြား ကုန်းမြေတွေနဲ့ အလွန်ကွာဝေးပြီး ၁၉၀၀ ပြည့်နှစ် အစောပိုင်းမှာ မိုင်းတူးဖို့အတွက် လူတွေရောက်လာကြတယ်။ ၁၉၁၀ ခုနှစ် ဝန်းကျင်မှာ မီးပြတိုက်တစ်ခု တည်ဆောက်ထားပြီး လူတစ်ရာလောက် နေထိုင်ကြပါတယ်။ သူတို့အတွက် စားနပ်ရိက္ခာကို နှစ်လတစ်ကြိမ် သင်္ဘောနဲ့ လာရောက်ပို့ဆောင်ပေးရတယ်။ ဒါပေမယ့် ၁၉၁၄ ခုနှစ်မှာ ဖြစ်ပွားတဲ့ မက်ဆီကိုပြည်တွင်းစစ်ကြောင့် သင်္ဘောတွေက မထွက်တော့ဘဲ Clipperton ကျွန်းပေါ်က လူတွေကို အားလုံး မေ့လျော့နေကြတယ်။ ၁၉၁၇ ခုနှစ်ရောက်တော့မှ အမေရိကန်သင်္ဘောတစ်စီးဟာ ဒီကျွန်းကို တွေ့ရှိခဲ့ပြီး ကျွန်းပေါ်မှာ နောက်ဆုံးရှင်ကျန်သူအဖြစ် အစာရေငတ်ပြတ်နေတဲ့ မိန်းမ သုံးဦးနဲ့ ကလေးငယ် ၈ ဦးတို့ကို ကယ်ဆယ်လာခဲ့ပါတယ်။

၆. Vulcan ကျွန်းငယ်

ဖိလစ်ပိုင်ရဲ့ မြောက်ဘက်မှာ Taal အမည်ရ ရေကန်ကြီးရှိပြီး အဆိုပါ ရေကန်ထဲမှာ Taal Vulcano ဆိုတဲ့ ကျွန်းတစ်ခု ရှိပါတယ်။ အဆိုပါကျွန်းရဲ့ အလယ်မှာ နောက်ထပ် ရေကန်တစ်ခုရှိပြီး အဲဒီရေကန်ထဲမှာ နောက်ထပ် ကျွန်းငယ်တစ်ခု ရှိပါတယ်။ အဲ့ဒီကျွန်းရဲ့ နာမည်က Vulcan ကျွန်းပါ။