ဝင်ငွေဒေါ်လာတစ်ဘီလီယံကျော်သွားတဲ့ Aquaman ဇာတ်ကား

0
156

Aquaman ဟာ ဒါရိုက်တာ နိုလန်ရဲ့ နာမည်ကျော် The Dark Knight Rises နောက်ပိုင်း တစ်ကမ္ဘာလုံး စုစုပေါင်းရုံဝင်ငွေ ဒေါ်လာတစ်ဘီလီယံကျော် ရရှိတဲ့ ပထမဆုံး ဒီစီကောမစ်ရုပ်ရှင်ကား ဖြစ်သွားခဲ့ပါပြီ။ DC Extended Universe အဖြစ်နဲ့ အတွင်းဆက်နွယ်မှုရှိတဲ့ စူပါဟီးရိုးကားခြောက်ကားထဲမှာလည်း ပထမဆုံး တစ်ဘီလီယံရုံဝင်ငွေရရှိခဲ့တဲ့ ကားလည်း ဖြစ်ပါတယ်။

DCEU ထဲမှာ ပါဝင်ခဲ့တဲ့ကားတွေနဲ့ သူတို့ရုံဝင်ငွေတွေကတော့ Man of Steel (2013) ရုံဝင်ငွေ ၆၆၈ သန်း၊ Batman vs Superman (2016) ရုံဝင်ငွေ ၈၇၃ သန်း၊ Suicide Squad (2016) ရုံဝင်ငွေ ၇၄၆ သန်း၊ Wonder Woman (2017) ရုံဝင်ငွေ ၈၂၁ သန်း၊ Justice League (2017) ရုံဝင်ငွေ ၆၅၇ သန်းတို့ဖြစ်ပါတယ်။

အားလုံးထဲမှာ ထုတ်လုပ်မှုစရိတ်ကြီးသလောက် အရှုံးပေါ်ခဲ့တာက ဒီစီရဲ့ နာမည်ကျော်စူပါဟီးရိုးတွေ အကုန်လုံး တပြိုင်တည်း ပါဝင်ခဲ့တဲ့ Justice League ဖြစ်ပြီး Wonder Woman ရုပ်ရှင်ဟာ ထုတ်လုပ်စရိတ် ဒေါ်လာသန်း ၁၂၀ – ၁၅၀ သာရှိခဲ့ပေမယ့် အမြတ်အစွန်းရခဲ့ဆုံး ဖြစ်သလို ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့တဲ့ကားပါ။ အခု Aquaman ဟာ ဝေဖန်ရေးတွေ သိပ်အကြိုက်မတွေ့ပေမယ့် ငွေရေးကြေးရေး အရအောင်မြင်မှု ရခဲ့ပြီး အပြောင်းအလဲအဖြစ် Horror လိုင်းကနေ စူပါဟီးရိုးဇာတ်ကား စရိုက်ကူးလာတဲ့ ဒါရိုက်တာ ဂျိမ်းစ်ဝမ် လည်း ပရိသတ်တွေရဲ့ အားပေးမှုကို ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။

လက်ရှိ Aquaman ရဲ့အောင်မြင်မှုက DCEU အတွက် မျှော်လင့်ချက်တစ်ခု ပြန်လည်နိုးထလာစေခဲ့ပြီး Wonder Woman လိုပဲ နောက်ထုတ်လုပ်မယ့် ရုပ်ရှင်တွေအပေါ်မှာလည်း လွှမ်းမိုးမှုရှိလာမယ်လို့ ယူဆရတယ်။ ၂၀၁၉ ထဲမှာတော့ Shazam ကိုရုံတင်လာဦးမှာဖြစ်ပြီး သူ့ပုံစံကလည်း ဒီစီရဲ့ မှောင်မိုက်အကျည်းတန်တဲ့ စူပါဟီးရိုးပုံစံလို မဟုတ်ဘဲ လင်းချင်းအရောင်စုံပြီး ပေါ့ပေါ့ပါးပါး အရွှန်းဖောက်လာမယ့် ပုံစံပါ။

၂၀၁၈ ခုနှစ်မှာ အခြား ရုပ်ရှင်ကား လေးကားလည်း တစ်ဘီလီယံကျော်တဲ့ ရုံဝင်ငွေစံချိန်တွေ ရရှိခဲ့ကြပြီး Avengers: Infinity War, Black Panther, Jurassic World: Fallen Kingdom နဲ့ Incredibles 2 တို့ ဖြစ်ပါတယ်။