သာမန်သမီးရည်းစားထက် ယောက်ျားချင်းခင်မင်မှု က ယောက်ျားများကို ပိုကျေနပ်စေနိုင်

0
80

ယောက်ျားလေးတွေဟာ မိန်းကလေးတွေနဲ့ ပုံမှန်ရိုမန့်တစ်ဆက်ဆံရေးထက်စာရင် ယောက်ျားလေး ဘော်ဒါချင်း ချစ်ခင်ဆက်ဆံမှု Bromance ကနေ ပိုပြီး ပျော်ရွှင်ကျေနပ်မှုကို ရရှိကြောင်း သုတေသနရလဒ် အသစ်တစ်ခုက ဆိုပါတယ်။ အဆိုပါ သုတေသနရလဒ်ကိုတော့ Men and Masculinities ထဲမှာ ဖော်ပြခဲ့တာပါ။

ဒီသုတေသနမှာ ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားတဲ့ (ဂေးမဟုတ်တဲ့) မိန်းကလေးရည်းစားရှိဖူးတဲ့ ကောလိပ်ဒုတိယနှစ်အရွယ် ယောက်ျားလေး အယောက်သုံးဆယ်ကို လေ့လာခဲ့တာ ဖြစ်ပါတယ်။ သူတို့ကို ဆန့်ကျင်ဘက်လိင်ကိုသာ စိတ်ဝင်စားတာ သေချာတဲ့ လူတွေထဲကနေ လူမျိုးစုံအောင် ရွေးချယ်ထားတာပါ။သုတေသနပညာရှင်တွေဟာ ဒီယောက်ျားလေးအယောက်သုံးဆယ်လုံးမှာ အလွန်ချစ်ခင်ပြီး လျှို့ဝှက်ချက်တွေ အားလုံးကို ရင်ဖွင့်တဲ့၊ တစ်အိပ်ရာထဲအတူတူ အိပ်ဖူးတဲ့ ယောက်ျားလေးဘော်ဒါ အနည်းဆုံး တစ်ယောက်တော့ ရှိကိုရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် အယောက်သုံးဆယ်မှာ ၂၉ ဟာ အဆိုပါ အချစ်ဆုံး ဘော်ဒါနဲ့ ပွေ့ဖက်လေ့ ရှိပါတယ်။

ဒါ့အပြင် ယောက်ျားလေးဘော်ဒါတွေက နီးကပ်တဲ့ မိန်းကလေးသူငယ်ချင်းတွေထက် သူတို့ရဲ့ အပြုအမူ တွေကို အကဲဖြတ်ခြင်း ပိုနည်းပါးတယ်လို့လည်း အားလုံးနီးပါးက ပြောခဲ့တယ်။ သူတို့ထဲက တစ်ယောက်ရဲ့ အဆိုအရ သူဟာ တေလာဆွစ်နဲ့ ဘီယွန်းစေး တို့သီချင်းတွေကို ကြိုက်ပေမယ့်လည်း ရည်းစားကောင်မလေး ရှေ့မှာ ယောက်ျားပီသတယ်လို့ ထင်ရအောင် ဖွင့်မပြောရဲဘဲ သူ့ဘော်ဒါကတော့ သူဘာကြိုက်တယ် ဆိုတာကို သိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သုတေသနထဲမှာ အဖိုးအဖွားတွေ သေဆုံးသွားတာ၊ ကျန်းမာရေးအကြောင်း တိုင်ပင်တာလို အခက်အခဲရှိတဲ့ အချိန်တွေမှာ ယောက်ျားလေးတွေက ပိုဝေမျှလို့ အဆင်ပြေကြောင်း ပြောထားတယ်။ ၃၀ မှာ ၂၈ ယောက်က သူတို့ဟာ ပုဂ္ဂိုလ်ရေးပြဿနာများကို ချစ်သူရည်းစားထက် ဘော်ဒါနဲ့ မျှဝေတယ်လို့ ဆိုပါတယ်။ ဥပမာ – ယောက်ျားအင်္ဂါမှာ အသားပိုလေး တွေ့ရတဲ့အခါမျိုးမှာ ချစ်သူရည်းစားထက် ကိုယ်နဲ့အရင်းနှီးဆုံး သူငယ်ချင်းကို အရင်ဖွင့်ပြောပြဖြစ်မယ်လို့ သူတို့က ဆိုပါတယ်။

ဒါ့အပြင် ရိုးရာ အဖိုအမ ဆက်ဆံရေးမှာလည်း ဘက်ယူတတ်တဲ့ ပုံစံမျိုးကို မြင်တွေ့ရပါတယ်။ သုတေသန ထဲမှာ ပါဝင်ခဲ့တဲ့ ယောက်ျားလေးတွေဟာ သူတို့ရဲ့ ရည်းစားကောင်မလေးတွေအကြောင်းကို ပြောတဲ့အခါ “ကျွန်တော်တို့နဲ့ သူတို့” ဆိုတဲ့ အစထဲက ခွဲခြားမြင်တဲ့ အကျင့်ရှိပြီး ယောက်ျားလေးဘော်ဒါတွေကို သူတို့ရဲ့ဘက်မှာ သူတို့ရည်းစားတွေထက် ပိုပြီးထားတတ်တာကို တွေ့ရတယ်။

ယောက်ျားလေးဘော်ဒါနဲ့ တစ်အိမ်တည်း အတူနေဖို့မှာလည်း ဘာပြဿနာမှ မရှိပေမယ့် ချစ်သူရည်းစားနဲ့ အတူနေခြင်းကတော့ လက်ထပ်ခြင်းနဲ့ မိသားစုတစ်ခု တည်ဆောက်ခြင်းဆီ ဦးတည်စေတာကြောင့် ပိုဝန်လေးတာကိုလည်း တွေ့ရှိပါတယ်။ သုတေသနမှာ ပါဝင်ခဲ့တဲ့ သူတစ်ယောက်ကတော့ “အချစ်ဆိုတာ တစ်ခဏပါ။ အရမ်းရင်းနှီးတဲ့ Bromance တစ်ခုကတော့ တစ်သက်လုံး တည်မြဲသွားလိမ့်မယ်” လို့ ဆိုခဲ့တယ်။