သားသမီး ၆၉ ယောက်မွေးခဲ့တဲ့ မျိုးအအောင်ဆုံးအမျိုးသမီး

0
100

ရင်သွေးဆိုတာဟာ သဘာဝတရားနဲ့ ဘဝရဲ့ အသီးအပွင့်တွေပါပဲ။ များသောအားဖြင့်တော့ မိသားစု တစ်ခုမှာ နှစ်ယောက်သုံးယောက်ခန့် ရှိကြပါတယ်။ ဒါပေမယ့် ၁၈ ရာစုအတွင်းက အမျိုးသမီးကြီး တစ်ယောက်ကတော့ နှစ်ပေါင်း ၇၆ နှစ်အတွင်းမှာ သားသမီး ၆၉ ယောက်တောင် မွေးဖွားခဲ့ပါသတဲ့။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် ဒီအမျိုးသမီးကြီးရဲ့ အငြင်းပွားချင်စရာ သမိုင်းကြောင်းကို ဖော်ပြပေးပါရစေ။

ရှင်မွေးလွန်း ဗလန်တီနာဗာဆေးလ်ယက်ဗ်ဟာ ရုရှနိုင်ငံ ရှုရာမှ ဖီယိုဒေါ်ဗက်ဆေးလ်ယက်ဗ် အမည်ရှိ လယ်သမားတစ်ယောက်ရဲ့ ပထမဇနီးပါ။ သူတို့မိသားစုဟာ ၁၇၀၇ – ၁၇၈၂ ခုနှစ်အတွင်းမှာ အသက်ရှင် နေထိုင်ခဲ့ကြပါတယ်။ ဗလန်တီနာဟာ အသက် ၇၆ နှစ်မှာ ကွယ်လွန်ခဲ့တယ်လို့ ယုံကြည်ရပြီး မသေခင်မှာ ကလေး ၆၉ ယောက်မွေးခဲ့ကာ လူမမယ်ဘဝမှာ နှစ်ဦးသာ သေဆုံးခဲ့ပါတယ်။ဂင်းနက်စံချိန်မှတ်တမ်းမှာ သူမကို “မျိုးအအောင်ဆုံးမိခင်” အဖြစ် သတ်မှတ်ထားပြီး ဒီအမျိုးသမီးကြီးဟာ ၂၇ ကြိမ်တိုင် မီးဖွားခဲ့ပါတယ်။ ၁၆ ကြိမ်က အမွှာဖြစ်ပြီး ၇ ကြိမ်က သုံးမွှာပူး၊ လေးကြိမ်က လေးမွှာပူးပါ။သူမဟာ အသက်ရှင်နေတဲ့တစ်သက်လုံး ကလေးမွေးနေခဲ့တာတော့ ဘယ်ဟုတ်ပါ့မလဲ၊ သူမ ကိုယ်ဝန်ဆောင်နိုင်တဲ့ကာလဟာ ၁၇၂၅ – ၁၇၆၅ ခုနှစ်များအတွင်း ဖြစ်မယ်လို့ ပညာရှင်တွေက အကြမ်းဖျင်း တွက်ချက်ပြတယ်။ ဒါဆိုရင် နှစ်ပေါင်းလေးဆယ်အတွင်းမှာ ကလေး ၂၇ ခါမွေးခဲ့တာပါ။ တော်တော်ကို ယုံရခက်စေတဲ့ အရာဖြစ်ပါတယ်။

လူသားတွေရဲ့ ပျမ်းမျှကိုယ်ဝန်ဆောင်ချိန်ဟာ ရက်သတ္တပတ် ၄၀ ဖြစ်တယ်။ ဒါပေမယ့် ဗိုက်ထဲမှာ ကလေးများများရှိလေ၊ စောစောမွေးနိုင်လေပါပဲ။ ဘီဘီစီရဲ့ တွက်ချက်မှုအရဆိုရင် မစ္စစ်ဗက်ဆေးလ်ယက်ဟာ အမွှာတွေကို ပျမ်းမျှ ၃၇ ပတ်၊ သုံးမွှာပူးတွေကို ပျမ်းမျှ ၃၂ ပတ်နဲ့ လေးမွှာပူးတွေကို ပျမ်းမျှ ၃၀ ပတ်တို့ ကိုယ်ဝန်ဆောင်ခဲ့မယ်လို့ ဆိုပါတယ်။ဒါဆိုရင် သူမဟာ စုစုပေါင်း ကိုယ်ဝန်ဆောင်ချိန် ၉၃၆ တောင် ရှိခဲ့ပြီး တစ်နှစ်ကို ရက်သတ္တပတ် ၅၂ ပတ် ပါဝင်ပါတယ်။ ၅၂ နဲ့စားလိုက်တဲ့အခါ သူမရဲ့ သက်တမ်းတလျှောက် ဗိုက်ကြီးနေခဲ့ချိန်ဟာ စုစုပေါင်း ၁၈ နှစ် ရှိပါသတဲ့။ ဒီကိုယ်ဝန်ဆောင်ဒုက္ခဒဏ်ကို တွေးသာကြည့်ပါတော့။ သီအိုရီအရဆို ဒါဟာ သက်သေပြနိုင်ပေမယ့် တကယ့်ဘဝမှာ ထည့်တွက်စရာတွေ ရှိပါသေးတယ်။

ပထမဆုံး အမြဲတမ်းအမွှာမွေးနေဖို့ဆိုတာ လူသားခန္ဓာကိုယ်သဘာဝအရကို သိပ်မဖြစ်နိုင်ပါဘူး။ ဒီလိုမျိုး အမွှာမွေးဖို့ မျိုးဥတည်ချိန်ဟာ ကမ္ဘာပေါ်မှာ ၅% ကနေ ၁၀% အတွင်းမှာသာ ရှိပါတယ်။ ဗလန်တီးနားဟာ ထူးခြားဖြစ်စဉ်ပါ။

ဒုတိယအချက်က ကိုယ်ဝန်လွယ်ထားရတယ်ဆိုတာဟာ မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်အတွက် အင်မတန် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်နှစ်ခုကြားမှာ ၁၈ လအောက်ပဲ ခြားခဲ့ရင် အမေနဲ့ ကလေးအတွက် အန္တရာယ်ရှိနိုင်ပါတယ်။ ဒါ့အပြင် ကလေးတစ်ယောက်မွေးပြီးရင်လည်း မိခင်ရဲ့ ခန္ဓာကိုယ်က ပေးဆပ်လိုက်ရတဲ့ အာဟာရနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုတွေအတွက် ပြန်လည်ပြုပြင်ဖြည့်တင်းဖို့ အချိန်ယူရဦးမှာပါ။ ဒါကို ၂၇ ခါ မရပ်မနား ကိုယ်ဝန်ဆောင်ရတာဆိုတော့ စဉ်းစားသာကြည့်ပါတော့။ဒါအပြင် ကျွမ်းကျင်သူတွေက ဒီလောက်များပြားတဲ့ ကလေးတွေကို မွေးဖွားခဲ့ခြင်းဟာ အခုခေတ် ဆေးပညာနဲ့ဆိုရင်တောင် မိခင်နဲ့ကလေးအကုန်လုံးကို ရှင်သန်စေဖို့ တော်တော်ခက်ကြောင်း သံသယရှိပါတယ်။ ၁၈ ရာစုက ရွာတစ်ခုဆိုတော့ ပိုဆိုးမှာပါ။ အဲ့ဒီခေတ်က ကလေးမွေးတယ်ဆိုတာကကို အသက်ဆုံးရှုံးနိုင်ခြေရှိတဲ့ အရာ ဖြစ်ပါတယ်။ သူတို့ဟာ လယ်သမားတွေဖြစ်တာကြောင့် တခြားကလေးတွေကိုလည်း ပြုစုစောင့်ရှောက်ဖို့ လိုပါသေးတယ်။ အားလုံးအတွက် စားစရာနဲ့ အဝတ်အထည် ရှာဖွေဖို့ရောပါပဲ။

ဘယ်လိုပဲ အချက်အလက်တွေက ပြောနေပါစေ၊ သမိုင်းကြောင်းကတော့ ဗက်ဆေးလ်ယက်ဗ် မိသားစု တကယ်ရှိခဲ့ကြောင်းကိုသာ အပြန်ပြန်အလှန်လှန် သက်သေခံနေပါတယ်။ ၁၇၈၂ ခုနှစ် ဖေဖော်ဝါရီလ ၂၇ မှာ ရေးသားခဲ့တဲ့ ဘုရားကျောင်းမှတ်တမ်းမှာ ဖီယိုဒေါဗက်ဆေးလ်ယက်ဗ်မှာ အိမ်ထောင်နှစ်ဆက်က ရထားတဲ့ သက်ရှိထင်ရှားကလေး ၈၂ ယောက်ရှိတယ်လို့ မှတ်တမ်းတင်ထားတယ်။ ဒုတိယမိန်းမကလည်း သူ့ကို ကလေး ၁၈ ယောက်မွေးပေးခဲ့ပြီး အမွှာ ၁၂ ယောက်နဲ့ သုံးမွှာပူး ၆ ယောက်ပါ။ ကိုမျိုးအောင် ဖီအိုဒေါရဲ့ ဖြစ်ရပ်ကို ၁၈၃၄ ခုနှစ်က ထုတ်ဝေခဲ့တဲ့ စိန့်ပီတာစဘတ်ရှုခင်း စာအုပ်ထဲမှာ ထည့်သွင်းဖော်ပြထားခဲ့တယ်။

၁၇၈၃ ခုနှစ်မှာတော့ လူကြီးမင်း မဂ္ဂဇင်းကလည်း သူတို့အကြောင်းကို ဖော်ပြတဲ့ ဆောင်းပါးတစ်ခုနဲ့ စာရင်း တို့ကို ထပ်မံရေးသားဖော်ပြပြန်ပါတယ်။ ဒီတစ်ခါတော့ ထည့်တွေးစရာရှိတာဟာ ဗလန်တီနာသာမကဘဲ ဖီယိုဒေါ ကလည်း ဒုတိယဇနီးနဲ့ပါ အမွှာတွေ မွေးခဲ့တာကိုပါ။ သူတို့ရဲ့ဆောင်းပါးထဲမှာ ပြင်သစ်သိပ္ပံပညာရှင်အကယ်ဒမီက ဒီမိသားစုကို လေ့လာဖို့ ကြိုးစားခဲ့သလို ဗက်ဆေးလ်ယက်ဗ် မိသားစုအား ရုရှားအစိုးရက မော်စကိုမြို့သို့ ပြောင်းရွှေ့ခေါ်ထားပြီး ကြည့်ရှုစောင့်ရှောက်နေကြောင်းပါ ပါဝင်ခဲ့ပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်တွေရော ဒီစံချိန်ကြီးဟာ ဖြစ်နိုင်တယ်လို့ ထင်ကြလား။ လူတစ်ယောက်အတွက် ဒီလောက်တောင် များပြားတဲ့ ရင်သွေးတွေ မွေးဖွားစောင့်ရှောက်ဖို့ဆိုတာ တကယ်ကို မလွယ်ကူတဲ့ အလုပ်ပါ။