အကယ်ဒမီပေးပွဲကို တက်ဖြစ်ဖို့များမယ်ဆိုတဲ့ ခီမောင်နှံ

0
84

ဇဏ်ခီနဲ့ ခရစ်(စ)တီးနားခီ မောင်နှံကတော့ လက်ရှိအချိန်မှာ Now and Ever ရုပ်ရှင်ကို ကြိုးစားပုံဖော်ရိုက်ကူးနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေ အားလုံးအတွက် အနုပညာရသစစ်စစ် ဖန်တီးပေးဖို့ ကြိုးစားနေတဲ့ ခီမောင်နှံက City FM ရဲ့ ၁၇ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်အားပေးခဲ့ပါတယ်။ ဒီပွဲမှာ ပေးအပ်တဲ့ ဆုနဲ့ပတ်သက်လို့ ခီမောင်နှံရဲ့ အမြင်ကိုတော့ အင်တာဗျူးက တဆင့် ခုလို သိရပါတယ်။

“အနုပညာ အလုပ်ကတော့ အကယ်ဒမီလိုပဲ မီးမောင်းထိုးပေးတယ်။ ဒီလမ်းကြောင်း ဒီလမ်းကြောင်း မှန်တယ်ပေါ့။ ဒီမှာလည်း တူတူပဲ။ တောင်းဆိုခံရတာ များလွန်းတဲ့လူတွေ ရောင်းအား အကောင်းဆုံးလူတွေ ရကြတယ်ပေါ့နော်။ ကျွန်တော့်အနေနဲ့ နည်းနည်းလေး အကြံပေးချင်တာက ခေတ်ရေစီးကြောင်းထဲမှာ သွားနေတဲ့ အဖွဲ့တွေကို ပေးတယ်ပေါ့နော်။ ဒါပေမဲ့ မတူအောင် ဖန်တီးနေတဲ့ အဖွဲ့တွေရှိတယ်။ အော်ရဂျင်နယ် အရမ်းကို ဖြစ်တယ်ပေါ့နော်။ ဒီထဲမှာက အော်ရဂျင်နယ် မဖြစ်ဘူးလို့ ပြောချင်တာတော့ မဟုတ်ဘူး။ သို့သော် ပင်မရေစီးကြောင်းထဲမှာ မရှိဘူးပေါ့နော်။ အော်ရဂျင်နယ် ဖြစ်တဲ့လူတွေအတွက်လည်း ထည့်သွင်းစဉ်းစားပေးပြီးတော့ the most original award ဆိုပြီး ပေးမယ်ပေါ့နော်။ လူငယ်တွေ underground ဘက်မှာ အရမ်းကို talented ဖြစ်တယ်ပေါ့နော်။ သူတို့ သိပ်ပြီး အသိအမှတ်ပြု မခံရဘူး။ အဲ့ဒါလေးကို မီးမောင်းထိုးပေးနိုင်မယ် ဆိုရင်တော့ ပိုပြီးတော့ စုံမယ်။” လို့ ဇဏ်ခီက ဆိုပါတယ်။

“ဆုပေးတာကတော့ ကောင်းတာပေါ့နော်။ ဘာပဲဖြစ်ဖြစ် ကြိုးစားချင်စိတ် ပိုများလာတယ်။ တစ်နှစ်လုံးမှာမှ ဒီတစ်ဆုပဲ ရတာဆိုတော့ အဆိုတော်တွေ အတွက်ကတော့ ဒီနေ့က နေ့ထူးနေ့မြတ်ပဲလေ။ နောက်နောင် သူတို့ကို အားကျတဲ့သူတွေ ပိုများလာအောင် လုပ်တာဖြစ်လို့ ပိုကောင်းပါတယ်။” ဆိုပြီး ခရစ်(စ)တီးနားခီက ပြောပြပါတယ်။

ဒီနှစ်မှာ ကျင်းပမယ့် အကယ်ဒမီပေးပွဲကို ခီမောင်နှံ တက်ဖြစ်မလားဆိုတာကိုတော့ ခုလို ကြားသိရပါတယ်။

“တက်ဖြစ်ဖို့ များပါတယ်။ ဒါပေမဲ့ အမတို့ ပြဿနာက လူအများကြီးနဲ့ အလုပ်လုပ်ရတာဆိုတော့ မင်းသားတွေ မင်းသမီးတွေ crew member တွေ ကို ဘယ်နေ့ဘယ်ရက် အလုပ်လိုချင်တယ်လို့ ပြောထားသလို အမတို့ဆီမှာ နေ့စားတွေရှိတယ်။ ခဏခဏပျက်မယ်ဆိုရင်တော့ မကောင်းဘူးပေါ့နော်။ အမအနေနဲ့ အဲ့ဒါကြောင့်မို့ ညှိညှိနှိုင်းနှိုင်းလေး စဉ်းစားရတယ်။” ဆိုပြီး ပြောပြသွားပါတယ်။

ပြောချင်လွန်းလို့ ပရိသတ်ကြီးကရော ခီမောင်နှံရဲ့ Now and Ever ကို ကြည့်ဖို့ ရင်ခုန်နေပြီလား။