အင်္ဂလန်နန်းတော်ထဲက ခိုးယူခံလိုက်ရတဲ့ ရွှေသားအတိပြီးတဲ့ ဘိုထိုင်အိမ်သာကြီး

ကမ္ဘာ့နာမည်ကြီးထိပ်တန်းသူခိုးတွေဆိုတာ တော်ရုံတန်ရုံနဲ့ ထိပ်တန်းသူခိုးဆိုတဲ့ နာမည်တစ်လုံးပိုင်ဆိုင်ထားနိုင်တာတော့မဟုတ်ပါဘူး။ သူတို့က ဘယ်ပစ္စည်းဟာ ဘယ်လောက်တန်ကြေးရှိတယ်ဆိုတာကိုလည်းသိမြင်တတ်သလို ဘယ်ဟာကိုဘယ်လိုခိုးရင်အဆင်ပြေတယ်ဆိုတာကအစ အသေအချာပရော်ဖက်ရှင်နယ်ကျကျတွေးပြီး ခိုးနိုင်ကြသူတွေပါ။ အခုလည်း အဲဒီလိုသူခိုးတွေက အင်္ဂလန်ရဲ့ Blenheim Palace က တာဝန်ရှိသူတွေကိုခေါင်းဆင်နင်းခံရအောင်လုပ်လိုက်ပြန်ပါပြီ။

ကိစ္စကတော့ နန်းတော်ထဲက ရွှေသားအတိနဲ့လုပ်ထားတဲ့ ဘိုထိုင်အိမ်သာကြီးထူးဆန်းစွာပျောက်ဆုံးသွားတာပါပဲ။ အဲဒီရွှေသားအတိနဲ့လုပ်ထားတဲ့ ဘိုထိုင်အိမ်သာဟာ America လို့နာမည်ရပြီး အီတလီပညာရှင် Maurizio Cattelan ရဲ့ လက်ရာဖြစ်ပါတယ်။ ဘိုထိုင်အိမ်သာဟာ ဆယ့်ရှစ်ပဲရည်ပြည့် အကောင်းစားရွှေသားတွေနဲ့ ဖန်တီးတည်ဆောက်ထားတာဖြစ်ပြီး အဆင့်မြင့်အနုပညာလက်ရာတစ်ခုအနေနဲ့ နန်းတော်ထဲမှာ ဂုဏ်ယူစွာပြသထားတာလည်းဖြစ်ပါတယ်။ နန်းတော်ထဲကိုလာရောက်လည်ပတ်တဲ့သူတွေကိုလည်း အဲဒီအိမ်သာကိုအခါအားလျော်စွာအသုံးပြုခွင့်ပေးထားတယ်လို့သိရပါတယ်။ နန်းတော်ထဲကိုဝင်ခွင့်အနေနဲ့ ငွေသား 27 ပေါင်ပေးရပြီး နန်းတော်ထဲရောက်တာနဲ့အိမ်သာကိုအသုံးပြုချင်ရင် အသုံးပြုဖို့ ကြိုတင်ပြီး booking တင်ရသေးတာပါ။



အဲဒီအိမ်သာဟာ ပြီးခဲ့တဲ့ 14 ရက်နေ့မနက်မှာတင် ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပြီး နဂိုက အိမ်သာရှိနေခဲ့တဲ့နေရာမှာတော့ ရေတွေသာကျန်ခဲ့ပါတယ်တဲ့။ရိုးရိုးအိမ်သာမဟုတ်ပဲ ရွှေသားအတိနဲ့ပြုလုပ်ထားတဲ့ အိမ်သာဖြစ်တဲ့အတွက်ကြောင့် အိမ်သာကအလွန်လေးမှာဖြစ်ပြီး ယောက်ျားကြီးနှစ်ယောက်အတူတူဝိုင်းသယ်ရင်တောင် မနည်းသယ်ရမယ့်သဘောမှာရှိနေပါတယ်။ ဒါကြောင့် ဒီသူခိုးတွေဟာ အနည်းဆုံး သုံးယောက်အဖွဲ့ဖြစ်ရမယ်လို့ တာဝန်ရှိသူတွေကယူဆထားကြပါတယ်။ ဒေါ်လာ တစ်သန်းကျော်တန်တဲ့ ရွှေသားအတိပြီးတဲ့ ဘိုထိုင်အိမ်သာကြီး ပျောက်ဆုံးသွားခဲ့အတွက်နန်းတော်က တာဝန်ရှိသူတွေက ခေါင်းမီးတောက်နေကြရတာပါ။ နန်းတော်အနေနဲ့လည်း ရုတ်တရက်ပိတ်ထားလိုက်ရပြီး ကြိုတင်သိနိုင်စွမ်းမရှိခဲ့တဲ့ မတော်တဆမှုတစ်ခုကြောင့် နန်းတော်ကို နေ့လည်အထိ ခတ္တခဏပိတ်ထားမှာဖြစ်ကြောင်းနဲ့ ပန်းခြံကိုတော့ ဖွင့်ထားမှာဖြစ်တယ်လို့ Twiitter page ကနေ ကြေငြာခဲ့ပါတယ်။




လက်ရှိမှာတော့ ဘိုထိုင်အိမ်သာအခိုးခံရမှုအတွက် လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီး တစ်ချိန်တည်းမှာပဲ နန်းတော်ကိုလည်း လာရောက်လည်ပတ်ကြည့်ရှု့သူတွေအတွက်ဖွင့်လှစ်ပေးထားပါတယ်။ နန်းတော်ထဲမှာ ဟစ်တလာရဲ့ လူပုံနဲ့အနီးစပ်ဆုံးတူတဲ့ရုပ်တု၊ Pope John Paul ရဲ့ရုပ်ထုအပြင် အခြားသော ရင်သပ်ရှု့မောစရာအနုပညာလက်ရာတွေလည်းများစွာရှိတဲ့အတွက် Blenheim Palace ကတော့ အင်္ဂလန်ကိုရောက်ရင်တစ်ခါတစ်ခေါက်သွားရောက်လည်ပတ်သင့်တဲ့နေရာတစ်နေရာပါပဲ။ အင်တာနက်ပေါ်မှာလည်း တစ်ကမ္ဘာလုံးက လူတွေက ရွှေသားအတိပြီးတဲ့ ဘိုထိုင်အိမ်သာကြီးပျောက်ဆုံးသွားမှုကိုစိတ်ဝင်စားနေကြ့ပီးအိမ်သာကိုဘယ်သူကနောက်ဆုံးသုံးသွားမှန်းမသိပဲ အနံ့အသက်ကကောင်းစရာမရှိတဲ့အနေအထားမှာကို ရအောင်ခိုးသွားတဲ့ သူခိုးတွေကိုချီးကျူးနေကြတဲ့ comment တွေကိုလည်းတွေ့ရပါတယ်။

Unicode





