အစဉ်အဆက်ယုံကြည်ခဲ့ပေမယ့် မှားနေတဲ့ အယူအဆများ

0
114

လက်ရှိအင်တာနက်ခေတ်မှာ လူတွေဟာ သတင်းအချက်အလက်တွေကို ဘယ်ခေတ်မှာထက်မဆို လျှင်မြန်များပြားစွာ လက်ခံရရှိနေကြပါပြီ။ ဒီတော့ တစ်ချိန်က အယူသီးခဲ့တဲ့ အယူအဆ အလွဲတွေကိုလည်း ဟုတ်ရဲ့လားလို့ ယှဉ်ထိုးကြည့်ဖို့ ပိုအဆင်ပြေလာတာပေါ့။ အခု ပြောချင်လွန်းလို့အတွက် ဖော်ပြပေးချင်တာက ကမ္ဘာပေါ်မှာ လူတွေ ပျမ်းမျှအားဖြင့် ယုံကြည်ထားကြပြီး တကယ်မဟုတ်တဲ့ အကြောင်းအရာတွေကိုပါ။

၁. ပုတ်သင်ညိုတွေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ အရောင်ပြောင်းတယ်

ပုတ်သင်ညိုတွေဟာ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် နောက်ခံပတ်ဝန်းကျင်နဲ့ တူညီတဲ့ အရောင်ကို အလိုအလျှောက် ပြောင်းတတ်တယ်လို့ ယခင်က ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် တကယ်တမ်း ပုတ်သင်ညိုတွေ အရောင်ပြောင်းတာဟာ အခြားပုတ်သင်ညိုတွေနဲ့ ဆက်သွယ်ဖို့၊ သို့မဟုတ် အန္တရာယ်ရှိကြောင်း သတိပေးဖို့ ဖြစ်ပါတယ်။ ပုတ်သင်ညိုအများစုဟာ ဘယ်အရောင်ကိုမဆို ပြောင်းနိုင်တာ မဟုတ်ဘဲ၊ အရောင်အကန့်အသတ် အနည်းငယ်ကိုသာ ပြောင်းနိုင်တာဖြစ်ပြီး တစ်ချို့မျိုးစိတ်တွေက လုံးဝ အရောင်မပြောင်းပါဘူး။

၂. ဌက်ပေါက်လေးတွေကို ကိုင်လိုက်ရင် သူ့အမေက ပစ်သွားတယ်

ဌက်ပေါက်လေးတွေကို လူတစ်ယောက်က ထိကိုင်လိုက်ရင် သူ့ရဲ့အနံ့က စွဲသွားပြီး မိခင်ဌက်မကြီးက အဲ့ဒီဌက်ပေါက်တွေကို မစောင့်ရှောက်တော့ဘူးလို့ ယုံကြည်ကြတာဟာလည်း မှားပါတယ်။ ဌက်တွေဟာ အခြား သတ္တဝါတွေထက်တောင် သားသမီးနဲ့ ချိတ်ဆက်မှုသံယောဇဉ် ပိုကြီးတဲ့ သတ္တဝါတွေပါ။ ဒါ့ပြင် ဌက်အများစုမှာ အနံ့ခံအာရုံက တော်တော်ကို မကောင်းပါဘူး။

၃. သကြားလုံးများများစားရင် ကလေးဆိုးတယ် (Sugar Rush)

Sugar Rush လို့ခေါ်တဲ့ ကလေးကို သကြားလုံး သို့မဟုတ် သကြားများများကျွေးမိရင် ကလေးက အရမ်းစိတ်တက်ကြွလာပြီး ဆိုးသွမ်းသောင်းကျန်းလာတယ် ဆိုတဲ့အယူကို ယနေ့ထိ မိဘများမှာ စွဲမှတ်နေတုန်းပါ။ ဒါပေမယ့် သိပ္ပံနည်းကျ သက်သေပြထားခြင်း လုံးဝမရှိပါဘူး။ သိပ္ပံနည်းကျ သုတေသနလုပ်ရာမှာလည်း သကြားအများကြီးကို အချိန်တိုအတွင်း စားခြင်းက လူသားခန္ဓာကိုယ်အား ရုတ်တရက် ခွန်အားတိုးပွားစေတာမျိုး မရှိဘူးလို့ ဆိုပါတယ်။ ဒီအလေ့အထဟာ သားသမီးကို ကောင်းစွာ ဆုံးမသွန်သင်ခြင်းမရှိတဲ့ မိဘတွေ သူတို့ အပြစ်ကို ကာကွယ်ဖို့ ပြောဆိုတာမျိုးသာ ပိုဖြစ်နိုင်ပါတယ်။

၎. နပိုလီယန် တကယ်ပဲ အရပ်ပုသလား

ပြင်သစ်စစ်ဘုရင် နပိုလီယန်ဘိုနာပတ်ကို လူတွေက အရပ်အလွန်ပုတယ်လို့ ထင်ကြတယ်။ တကယ်တမ်း နပိုလီယန်ဟာ အရပ်ငါးပေခွဲကျော်ကျော် ရှိတဲ့လူတစ်ယောက်ပါ။ သူ့ခေတ်ကာလမှာ ပုံမှန်ပြင်သစ်လူမျိုး တစ်ယောက်ရဲ့ အရပ်အမောင်းထက်ကို မြင့်တဲ့ အရပ်ဖြစ်တယ်။ ဒါပေမယ့် သူက သက်တော်စောင့်တွေကို အင်မတန်ထွားကျိုင်းတဲ့ လူတွေ ရွေးထားလေ့ရှိတာကြောင့် သူ့ကို လူမြင်ကွင်းမှာ ပုတယ်လို့ အထင်ခံရတာ ဖြစ်နိုင်တယ်။ သူ့ရန်သူတွေကလည်း နပိုလီယန် ကိုဂုဏ်သတင်းညှိုးနွမ်း လူအထင်သေးအောင် တမင် သတင်းဆိုးလွှင့်ခဲ့တာ ဖြစ်ပါလိမ့်မယ်။

၅. လျှာရဲ့မတူညီတဲ့ အစိတ်အပိုင်းတွေက မတူညီတဲ့ အရသာကို ခံစားတယ်

သင်တို့ ငယ်ငယ်က ကျောင်းမှာတောင် သင်ဖူးကောင်း သိဖူးပါလိမ့်မယ်။ လျှာရဲ့ ဘယ်အပိုင်းက အချိုဓါတ်ကို ခံစားနိုင်တယ်၊ ဘယ်အပိုင်းက အခါးကို ပိုသိတယ် စသဖြင့်ပေါ့။ ဒါပေမယ့် ဒီစနစ်ဟာ မှားယွင်းကြောင်း သက်သေပြခဲ့ကြတာ ဆယ်စုနှစ်ကျော်နေပါပြီ။ လူတွေက ဆက်ယုံကြည်နေတုန်းပါပဲ။ လျှာ တစ်ခုလုံးကို ရသာခံဖုလေးတွေနဲ့ ဖုံးလွှမ်းထားပြီး အားလုံးဟာ ကွဲပြားတဲ့ အရသာတိုင်းကို ခံစားနိုင်ပါတယ်။ တစ်နေရာတည်းက ကွက်ပြီး ခံစားနိုင်တယ် ဆိုတာမျိုး မရှိပါဘူး။

၆. မဟာတံတိုင်းကြီးကို အာကာသထဲက မြင်နိုင်တယ်

လူလုပ်အဆောက်အဦတွေထဲမှာ ရှေးအကျဆုံး မဟာလက်ရာတွေထဲက တစ်ခုဖြစ်တဲ့ တရုတ်ပြည်က မဟာတံတိုင်းကို အာကာသယာဉ်မှူးတွေတောင် မြင်ရကြောင်း ပြောဆိုလေ့ရှိပါတယ်။ တကယ်တော့ ကမ္ဘာ့လေထုထဲက လွတ်တယ်ဆိုရုံလေး လွတ်တဲ့နေရာမှသာ မြင်ရတာပါ။ ဒါတောင် မိုးလေဝသ ကင်းစင်ဦးမှ ဖြစ်ပါတယ်။ ကမ္ဘာမြေအထက် မိုင်တစ်ရာကွာဝေးတဲ့ နေရာကဆိုရင် မြင်ကိုမမြင်ရတော့ဘူးလို့ ဆိုပါတယ်။