အများကြီးထပ်စီစဉ်နေတယ်ဆိုတဲ့ မအေးအေးဝင်း

0
55

မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ဘဝကြီးက ခါးတယ်ဆိုပြီး အလကားနေရင်းထိုင်ရင်း ဘဝကြီးကို လျှာနဲ့သွားသွားလျက်နေသလို ပြောဆိုနေကြတဲ့ စကားတွေဟာ နောက်ဆုံးတော့ သူ့ဟာနဲ့သူ အေးအေးလူလူစီစဉ်နေတဲ့ မအေးအေးဝင်းရဲ့နားထဲကို တစ်ဆင့်စကားနဲ့ ပေါက်ရောက်သွားခဲ့ပါပြီ။အဲဒီလို မအေးအေးဝင်းစီစဉ်ပေးပါတို့၊မအေးအေးဝင်းကို အသည်းအသန်လိုအပ်နေပါပြီတို့ဆိုတဲ့ စကားတွေနဲ့ပတ်သက်ပြီး မအေးအေးဝင်းက မီဒီယာတွေနဲ့အင်တာဗျူးမှာ ဖြေကြားထားခဲ့ပါတယ်။

မအေးအေးဝင်းက အဲဒီလိုရေးသားကြတာတွေပေါ်မှာ ခံစားရတဲ့ခံစားချက်ကို “ကြည်နူးပါတယ်။ အဲ့လိုလေးတွေရေးကြတာလေ။ အစ်မကို ချစ်စရာကောင်းတဲ့သဘောနဲ့နောက်ပြီး စီစဉ်ပေးပါစီစဉ်ပေးပါဆိုပြီးပြောကြတော့ အစ်မက ပျော်ပါတယ်”လို့ ပြောထားပြီး အဲဒီစီစဉ်ပေးပါဆိုတာတွေကိုကြားခဲ့ရပုံတွေကိုလည်း “အစ်မက အစကမသိဘူးလေ။ သူငယ်ချင်းတွေကနောက်ပြီး စီစဉ်ပေးပါဆိုပြီးတော့ ပို့ပို့လာတာ။ သူတို့ဖတ်မိတဲ့ comment လေးတွေ ပို့ပို့လာတာ။ အဲဒါလေးတွေတွေ့မှာအစ်မက သတိထားမိလာတာပေါ့နော်”လို့ ပြောပြထားပါတယ်။

ဒီလို စီစဉ်တဲ့အလုပ်ကိုလုပ်ဖြစ်ပုံကိုလည်း မအေးအေးဝင်းက “အစ်မက ကြာပြီလေ။ စီစဉ်လာတာ။ စီစဉ်တဲ့အလုပ်ကိုလုပ်လာတာ ကျောင်းတက်နေကတည်း က တက္ကသိုလ်တက်နေကတည်းကဆိုတော့ ဆယ်နှစ်၊အနှစ်နှစ်ဆယ်လောက်ရှိပြီပေါ့။အစ်မကားတွေလည်း အများကြီးရိုက်ခဲ့တာ။ အဲဒါကြောင့် အချို့က မအေးအေးဝင်းဆိုတဲ့နာမည်လေးကိုသိနေပြီပေါ့။အစ်မဆို ဦးကျော်ဟိန်းတို့ ကိုသားကြီးတို့ခေတ်ကတည်းကလေ အများကြီး။ အစ်မမရိုက်ခဲ့တဲ့မင်းသားတွေရှားပါတယ်။ဗီဒီယိုတွေအများကြီးရိုက်ခဲ့တော့။ မော့တို့ ဟာသ သရုပ်ဆောင်တွေလည်းအများကြီးအစ်မရိုက်ခဲ့ပါတယ်”လို့လည်းပြောပြထားပါသေးတယ်။

မအေးအေးဝင်းစီစဉ်သည်ဆိုတဲ့စာတန်းလေးကို ရုပ်ရှင်တိုင်းမှာထည့်ဖြစ်ပုံကို “မအေးအေးဝင်းစီစဉ်သည်ဆိုတာလေးက Trade Mark လေးတစ်ခုအနေနဲ့ပေါ့နော်။အစ်မရဲ့ Trade Mark လေး။ Lucky Seven ရုပ်ရှင်ထုတ်လုပ်ရေးက မအေးအေးဝင်းစီစဉ်သည်ဆိုတာလေးကို ထည့်တာပေါ့နော်။အစ်မပျော်ပါတယ်။ ဒီနာမည်လေးကိုသိနေကြတာပေါ့နော်။ နယ်တွေဘာတွေသွားရင်လည်း မအေးအေးဝင်းဆိုတာသာ မသိကြတာပေါ့နော်။ မအေးအေးဝင်းစီစဉ်သည်ဆိုတာကျ သိကြတယ်။ နာမည်နဲ့လူနဲ့သာမတွဲမိတာပေါ့နော်”လို့ ဖြေကြားထားပါတယ်။

မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ ဘာဖြစ်တယ်ဆိုပြီး မျိုးစုံပြောနေကြတဲ့အပေါ်မှာလည်း မအေးအေးဝင်းက “အဓိကကတော့ ပျော်ပါတယ်။အစ်မကိုချစ်လို့ပဲဖြစ်ဖြစ် မုန်းလို့ပဲဖြစ်ဖြစ်ပြောကြတဲ့အပေါ်မှာ ပျော်ရွှင်ပါတယ်။ အားလုံးကိုအစ်မအပြစ်မယူပါဘူး။ အစ်မထပ်စီစဉ်ထားတဲ့ကားတွေလည်းရှိပါတယ်။ ဒီထက်ကောင်းအောင် ပရိသတ်လက်ခံမယ့်ကားတွေဖြစ်အောင် အစ်မ စီစဉ်ပေးဖို့ရှိပါတယ်”လို့ ပြုံးရွှင်စွာဖြေကြားထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော မအေးအေးဝင်းစီစဉ်တာမဟုတ်တော့ Crush နဲ့ လွဲနေတုန်းပဲလား။ မအေးအေးဝင်းကိုရောချစ်ကြလား ။ မအေးအေးဝင်းထပ်စီစဉ်ထားတာတွေကိုရော ကြည့်ရှု့အားပေးကြမှာလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say