အားကြီးတဲ့ မေတ္တာတရားကိုသက်သေပြသွားတဲ့ လူနှစ်ဦးနဲ့ခြင်္သေ့ကြီးရဲ့ လွမ်းမောဖွယ်အဖြစ်အပျက်လေး

ခြင်္သေ့တွေဟာ တောဘုရင်တွေအဖြစ်အသိအမှတ်ပြုထားခြင်းခံရပြီး ကြမ်းကြုတ်ရက်စက်တဲ့တောရိုင်းသတ္တဝါတွေဆိုရင်လည်းမမှားပါဘူး။ ခြင်္သေ့တွေကျားတွေဟာ တောနက်ကြီးထဲမှာ လူတွေကို တွေ့ရင်သူတို့ကအရင်စပြီးအမဲလိုက်သတ်ဖြတ်တတ်သလို လူတွေအနေနဲ့လည်း ကျားတွေခြင်္သေ့တွေကိုအမဲလိုက်ပြီး အမဲလိုက်ရာကရလာတဲ့အရေခွံတွေ၊ခေါင်းတွေကို အိမ်နံရံတွေမှာ အမှတ်တရချိတ်ဆွဲထားခြင်းတွေလုပ်တတ်ကြပါတယ်။ သဘာဝတရားအရ ကျားတွေခြင်္သေ့တွေနဲ့လူတွေဟာ ဘယ်လိုမှကိုယှဉ်တွဲနေထိုင်လို့မသင့်တဲ့ သတ္တဝါတွေလို့လည်းဆိုနိုင်ပါတယ်။ ဒါပေမယ့် Ace Bourke နဲ့ John Randell ဆိုတဲ့ Australia ခရီးသွားနှစ်ဦးကတော့ ချစ်ခြင်းမေတ္တာမှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတာကိုသက်သေပြခဲ့ကြပါတယ်။

ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ဖြစ်ခဲ့တာပါ။ 1969 ခုနှစ်မှာ Ace နဲ့ John တို့ဟာ ခရီးသွားရင်း လမ်းမှာ ပစ်ထားခံရတဲ့ မွေးကာစ ခြင်္သေ့ပေါက်လေးတစ်ကောင်းကိုတွေ့ခဲ့ကြပါတယ်။ သူတို့နှစ်ဦးကအနီးအနားမှာလည်း ခြင်္သေ့မကြီးရဲ့အရိပ်အယောင်ကိုမတွေ့တာကြောင့်ရော ခြင်္သေ့လေးက အရမ်းကိုချစ်ဖို့ကောင်းနေတာကြောင့်ရော သူတို့နှစ်ဦးအတူနေတဲ့တိုက်ခန်းကိုခေါ်လာပြီးတိတ်တိတ်လေးခိုးမွေးခဲ့ကြတယ်လို့သိရပါတယ်။ ဒါပေမယ့် ခြင်္သေ့ဆိုတာမျိုးက လပိုင်းနဲ့အကောင်အကြီးကြီးဖြစ်လာတတ်တဲ့အမျိုးမို့ သိပ်မကြာခင်မှာပဲဖုံးမနိုင်ဖိမရနဲ့ ခြင်္သေ့ကြီးက သူတို့ရဲ့တိုက်ခန်းနားမှာလှည့်ပတ်ကစားနေတာကို အိမ်နီးချင်းတွေမြင်ခဲ့ကြရပါတယ်။



ခြင်္သေ့လေးရဲ့နာမည်ကို Christian လို့ပေးဖို့နှစ်ဦးသဘောတူခဲ့ကြပြီး Christian လေးဟာ သိပ်ကိုသိတတ်ပြီးလူရိပ်လူကဲလည်းနားလည်တာမို့ လူတွေက Christian လေးကိုဝိုင်းချစ်ကြပြီး Ace နဲ့ John တို့နှစ်ဦးဟာ ခြင်္သေ့ကြီးကို ကားပေါ်တင်ပြီး London မြို့လည်ခေါင်မှာပျော်ရွှင်စွာသွားလာနေခွင့်ရသလို ခြင်္သေ့ကြီးနဲ့ စားအတူအိပ်အတူသွားအတူနဲ့ ပျော်ရွှင်စရာအချိန်တွေကိုဖန်တီးခွင့်ရခဲ့ပါတယ်။ Christian ကလည်း ကြောင်လေးတစ်ကောင်လို သူ့သခင်တွေကိုပွတ်သီးပွတ်သပ်နဲ့ ချွဲနေပြီး မြင်မြင်သမျှလူတွေအသည်းတွေကြွေအောင်ချစ်ဖို့ကောင်းနေခဲ့တာပါ။ ဒါပေမယ့် သိပ်မကြာသေးခင်မှာပဲ သိပ်ချစ်ကြတဲ့ သူတို့နှစ်ဦးခွဲရတဲ့အချိန်က ကျရောက်လာခဲ့ပါတယ်။

နှစ်အနည်းငယ်ကြာအပြီးမှာ Chrstian ဟာ တောဘုရင်ခြင်္သေ့ကြီးတစ်ကောင်ရဲ့အရွယ်အစားအတိုင်း ဒင်ပြည့်ကျပ်ပြည့်ကြီးထွားလာခဲ့တာကြောင့်သူတို့ရဲ့တိုက်ခန်လေးထဲမှာဆက်ထားဖို့မသင့်တော်တော့သလို လူတွေအနေနဲ့လည်း ကြောက်စရာကောင်းအောင်ကြီးထွားလာတဲ့ Christian ကို ဘေးမဲ့ပေးလိုက်ဖို့ Ace တို့နှစ်ယောက်ကို ဖိအားပေးလာခဲ့ပါတယ်။ ဒီလိုနဲ့ဘယ်လိုမှမတတ်နိုင်တော့တဲ့အခြေအနေတစ်ခုမှာ Christian ကို အာဖရိကတောထဲကိုလွှတ်ပေးလိုက်ရပြီး ရင်ကွဲပက်လက်ပြန်လာခဲ့ကြရပါတယ်။




နှစ်ပေါင်းများစွာကြာအပြီးမှာတော့ သူတို့နှစ်ဦးဟာ Christian ကို လွမ်းလို့ သူ့ကိုလွှတ်ပေးခဲ့တဲ့ တောထဲကိုပြန်သွားလည်ဖို့ အကြံရခဲ့ချိန်မှာလူတိုင်းကတားခဲ့ကြပါတယ်။ ဘယ်လောက်ပဲငယ်ငယ်တုန်းက အတူရှိခဲ့တယ်ချစ်ခဲ့တယ်ဆိုပေမယ့် Christian ဟာ အခုဆိုရင် တောဘုရင်ဖြစ်နေပြီး တကယ့်သားရဲကြီးတစ်ကောင်ဖြစ်နေမှာဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးကို ပြန်မှတ်မိဖို့ခဲယဉ်းကြောင်း၊မှတ်မိဖို့နေနေသာသာ သတ်စားမှာတောင်စိုးရိမ်ရကြောင်းဝိုင်းဝန်းသတိပေးခဲ့ကြပေမယ့် Ace Bourke တို့ကတော့ အသက်ကိုစွန့်ပြီး သူတို့ချစ်တဲ့ Christian ကို ပြန်သွားကြည့်ဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။အဲဒီလိုသွားကြည့်တဲ့အခါမှာလူတွေကိုရင်သပ်ရှု့မောအံ့သြစေမယ့်ဖြစ်ရပ်တစ်ခုဖြစ်ပွားခဲ့တော့တာပါပဲ။



အဲဒီဖြစ်ရပ်ကတော့ နောက်လိုက်နောက်ပါအမြောက်အများနဲ့ တောဘုရင်ကြီးဖြစ်နေတဲ့ Christian ဟာ သူ့သခင်တွေကိုမှတ်မိပြီး ငယ်ဘဝတုန်းကလိုပဲ ခြင်္သေ့သေးသေးလေးဘဝတုန်းကလို ဖက်တက်ပြီး ချွဲရင်းအလွမ်းသယ်နေခဲ့တာပါ။ Christian က သူ့မိန်းမ ခြင်္သေ့မနဲ့တောင် သူ့သခင်တွေကိုမိတ်ဆက်ပေးလိုက်ပါသေးတယ်။သူတို့သုံးဦးသားရဲ့ အလွမ်းသယ်တဲ့ Video ဟာ ကမ္ဘာအနှံ့ကိုပျံ့နှံ့သွားခဲ့ပြီး လူတိုင်းကိုအံ့အားသင့်စေခဲ့သလို တကယ့်ချစ်ခြင်းမေတ္တာမှာအချိန်တွေကန့်သတ်ချက်တွေဆိုတာမရှိဘူးလို့သက်သေပြသွားခဲ့ပါတယ်။ လူတော်တော်များများက ဒီလိုသားရဲကြီးက မေတ္တာကြောင့် ယဉ်ပါးလာတဲ့အဖြစ်ကို ရင်သပ်ရှု့မောအံ့သြနေကြတာလည်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီလိုခြင်္သေ့ကြီးတစ်ကောင်လောက်မွေးဖူးချင်ကြလား။ ဒီဖြစ်ရပ်မှန်ဇာတ်လမ်းလေးကိုကြားပြီးဘယ်လိုခံစားသွားရလဲ။ ပြောခဲ့ကြပါဦး။

Unicode





