အူမကြီးကင်ဆာခွဲစိတ်ဖို့ ဆေးကုသမှုအာမခံရသွားတဲ့ ဒါရိုက်တာမိုက်တီး

0
66

ဒါရိုက်တာမိုက်တီးဟာ ပြီးခဲ့တဲ့ 2018 ခုနှစ် 16.8.2018 မှာ မူးယစ်ဆေးပြား (၂၆)ပြားလက်ဝယ်တွေ့ရှိမှုနဲ့ တရားစွဲဆိုခံထားရတာဖြစ်ပြီး အခုအချိန်အထိအမှုက မပြီးသေးပဲ စစ်ဆေးနေဆဲဖြစ်ပါတယ်။ ပရိသတ်တွေကလည်း မိုက်တီးရဲ့ရိုက်ချက်ဆိုပြီး နာမည်တစ်လုံးနဲ့နေလာတဲ့ ပြည်သူချစ်တဲ့ အနုပညာသမားတစ်ယောက် နာမည်ကြီးဒါရိုက်တာတစ်ယောက် ဒီလိုဖြစ်သွားရခြင်းအပေါ် မယုံနိုင်စွာပဲစိတ်မကောင်းဖြစ်ခဲ့ရသလို မိသားစုဝင်တွေဖြစ်တဲ့ သရုပ်ဆောင် လင်းဇာနည်ဇော်နဲ့ ချစ်ချစ်ဇော်တို့ကလည်း အစ်ကိုကြီးဖြစ်သူအတွက် အမှုကိုတတ်နိုင်သမျှအင်အားထည့်ပြီးရင်ဆိုင်နေကြတာပါ။

မကြာသေးမီက ထွက်ရှိလာတဲ့ စိတ်မကောင်းဖြစ်စရာသတင်းကတော့ ဒါရိုက်တာမိုက်တီးမှာအူမကြီးကင်ဆာရှိနေပြီဆိုတဲ့ သတင်းပါပဲ။ ဒါပေမယ့် အဆိုးထဲကအကောင်းဆိုသလို အူမကြီးကင်ဆာခွဲစိတ်ဖို့အတွက် ဒါရိုက်တာမိုက်တီးဟာ မိသားစုနဲ့အတူပြန်နေခွင့်ရတော့မှာပါ။ တရားရုံးတော်က အမှုနဲ့သက်ဆိုင်ခြင်းမရှိပဲ ကျန်းမာရေးအတွက်ပဲငဲ့ကြည့်ပေးပြီး ဒါရိုက်တာမိုက်တီးကို အာမခံပေးလိုက်တယ်လို့သိရပါတယ်။ ဒီသတင်းဟာ ပရိသတ်တွေကိုလည်း ဝမ်းသာစေခဲ့ပြီး လင်းဇာနည်ဇော်တို့ကိုလည်း ပျော်ရွှင်စေခဲ့ပါတယ်။ အဲဒီအကြောင်းကို လင်းဇာနည်ဇော်က Myanmar Cele 7 နဲ့ ဖုန်းအင်တာဗျူးမှာ ဖြေကြားထားပါတယ်။

ကိုမိုက်တီးခံစားနေရတဲ့ ရောဂါအကြောင်ကို လင်းဇာနည်ဇော်က “ဒီလိုပါ ဟိုဘက်က အင်းစိန်ဆေးရုံမှာ ဆေးရုံတက်တဲ့အခါကျတော့ အူမကြီးနဲ့အစာအိမ်ဟောင်းမှာ အလုံးကြီးတွေ့ပြီးတော့ အူမကြီးကင်ဆာဖြစ်တယ်။result က အူမကြီးကင်ဆာဖြစ်တယ်”လို့ ပြောပြထားပြီး အဲဒီအတွက် အာမခံရလာကြောင်းကိုတော့ “အူမကြီးကင်ဆာကိုခွဲစိတ်ဖို့ကျတော့ မိသားစုရဲ့လည်းစောင့်ရှောက်မှုလိုတယ်။ အဲဒါနဲ့အစ်မတို့ကနေပြီး အသနားခံစာလေးပေါ့နော် တရားရုံးကိုလျှောက်ကြည့်လိုက်တာ။ အာမခံရတယ်ပေါ့နော်။ ဆေးကုသမှုအာမခံပေါ့ အဲ့လိုမျိုးပေးလိုက်တာပါ”လို့ ရှင်းပြထားပါတယ်။

မိုက်တီးရဲ့အမှုဟာ အာမခံပေးလို့မရတဲ့အမှုဖြစ်တာကြောင့် အခုလိုအာမခံရလာတဲ့အခါ မယုံနိုင်အောင်ဝမ်းသာရကြောင်းလည်း “အစ်မဖြင့် အိပ်မက်မက်နေသလားထင်ရပါတယ်။အိပ်မက်မက်နေတယ်ပဲထင်နေတယ်။ ရှေ့တစ်ပတ်လောက်တော့ဆရာဝန်ကြီးက ခွဲဖို့ရက်သတ်မှတ်ပေးထားတယ်”လို့ ပြောပြထားသလို ချစ်ချစ်ဇော်ကလည်း “အားလုံးကတော့ ခပ်မြန်မြန်ခွဲရမယ့်အရာလို့ပြောတယ်။ ထားလိုက်ရင်ပြန့်မှာလေ။ အင်းစိန်ထောင်ကဆိုတော့ အင်းစိန်ဆေးရုံမှာပဲတက်ရတယ်”လို့လည်း မီဒီယာတွေနဲ့အင်တာဗျူးမှာပြောပြထားပါသေးတယ်။

ချစ်ချစ်ဇော်က အဖေဆုံးပြီးကတည်းက စိတ်ဓာတ်ကျသွားတဲ့ ဒါရိုက်တာမိုက်တီးရဲ့အခြေအနေကိုလည်း “သူက အဖေဆုံးပြီးကတည်းက အဖေ့ကိုလိုက်ပို့ခွင့်မရတော့ စိတ်ကအရမ်းကျသွားတယ်း။။ ဆေးတွေလည်းသောက်နေရတယ်။ အဲဒီအခါကျ ဘယ်လိုမှမဖြစ်နိုင်ဘူးဆိုပြီး အစ်မတို့မိသားစုရမယ်လို့ဘယ်လိုမှမမျှော်လင့်ထားဘူး။ အကြီးကြီးထီပေါက်သွားတာပေါ့”လို့ ပြောထားပါတယ်။

ဒါရိုက်တာမိုက်တီးကို တရားရုံးက ဖေဖော်ဝါရီတစ်ရက်နေ့မှာ ရုံးချိန်ထပ်မံချိန်းဆိုထားတယ်လို့လည်းသိရပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒါရိုက်တာမိုက်တီး အာမခံနဲ့ထွက်လာလို့ ဝမ်းသာကြလား။ အမှုအတွက်လည်း အကောင်းဆုံးဖြစ်အောင်ဆုတောင်းပေးနေကြသူတွေရော ရှိလား။ ပြောခဲ့ကြပါဦး။

Can’t Wait To Say