အခြားနိုင်ငံတွေနဲ့မတူတဲ့ ဆွီဒင်နိုင်ငံရဲ့ ထူးခြားဆန်းပြားမှုများ

0
80

ဆွီဒင်နိုင်ငံဟာ လိုက်လျောညီထွေရှိပြီး ကမ္ဘာပေါ်မှာ နည်းပညာထွန်းကားမှုကို လက်ခံနိုင်စွမ်း အရှိဆုံး နိုင်ငံတစ်ခု ဖြစ်ပါတယ်။ သူတို့ဟာ ပီဇာပေါ်မှာ ဌက်ပျောသီးထည့်စားတယ်၊ ဟိုတယ်တစ်ခုတည်းကိုပဲ နှစ်တိုင်း ပြန်ဆောက်တယ် စသဖြင့် ထူးခြားချက်တွေ အများကြီးပါ။ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ဆွီဒင်ရဲ့ ထူးခြားချက်အချို့ကို ဖော်ပြပေးလိုက်ပါတယ်။

၁. သဘာဝ ဝန်းကျင်ကို မထိခိုက်တဲ့ နေထိုင်မှုပုံစံကို မြင်တွေ့ချင်ရင် ဆွီဒင်ကို သွားရောက်လည်ပတ်သင့် ပါတယ်။ ဆွီဒင်ဟာ ဓါတ်ဆီအစား ဇီဝလောင်စာကို ပြောင်းလဲအသုံးပြုတဲ့ ပထမဆုံး နိုင်ငံဖြစ်တယ်။ သူ့ရဲ့ သဘာဝပတ်ဝန်းကျင် ညစ်ညမ်းစေတဲ့ အရာတွေ ထုတ်လုပ်မှု သုည အဆင့်နဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည် အသုံးပြုတဲ့ စနစ်ဟာ အခြားနိုင်ငံတွေအတွက် နမူနာကောင်းတစ်ခုပါ။

၂. ကမ္ဘာ့ပထမဆုံး ရေခဲသက်သက်နဲ့ ဆောက်လုပ်ထားတဲ့ ဟိုတယ်ကလည်း ဆွီဒင်မှာပဲ ရှိပြီး နှစ်စဉ် ဒီဇင်ဘာကနေ ဧပြီလအတွင်းမှာ ဖွင့်လှစ်ပါတယ်။ နံရံ၊ ပရိဘောဂ၊ ဘားနဲ့ အရက်ခွက်တွေကအစ ရေခဲနဲ့သာ ပြုလုပ်ထားတဲ့ ဒီဟိုတယ်ကို နှစ်တိုင်းပြန်ဆောက်ရပါတယ်။ ဒါ့ကြောင့် ရေခဲဟိုတယ်ထဲက အခန်းတွေဟာ တစ်နှစ်နဲ့တစ်နှစ် ဒီဇိုင်းမတူတာ အဆန်းမဟုတ်ပါဘူး။

၃. ဆွီဒင်နိုင်ငံဟာ စကင်ဒီနေးဗီးယန်း ဒေသရဲ့ Law of Jante ကို ယခုတိုင်ကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ သူ့ရဲ့ ဥပဒေသက လူတစ်ယောက်ဟာ အခြားလူတွေထက် သူကသာ ပိုမြင့်မြတ်တယ်၊ ပိုသာလွန်တယ်၊ ပိုတော်တယ်လို့ မတွေးရဘူး၊ တွေးပြီး သူများတွေကို စော်ကားမော်ကား မဆက်ဆံရဘူး ဆိုတဲ့ အချက်ဆယ်ချက် ပါဝင်ပါတယ်။ ဒါ့ကြောင့် ဆွီဒင်နိုင်ငံသားတွေဟာ သူတို့ရဲ့ ပိုင်ဆိုင်မှုကို တခြားလူတွေအား မကြွားဝါကြပါဘူး။

၎. ဖီကာ (Fika) ဟာ နေ့အချိန်မှာ ကော်ဖီသောက်ရန် အနားယူချိန် ဖြစ်ပါတယ်။ ဒါဟာ ဆွီဒင်နေထိုင်မှုရဲ့ အရေးပါဆုံး တစ်ချက်ဆိုလည်း မမှားပါဘူး။ သူတို့ဟာ ကော်ဖီကို ဘယ်လောက်နှစ်သက်သလဲ ဆိုရင် ၁၈ ရာစုမှာ တတိယမြောက် ဂူစတာ့ဗ်ဘုရင်မင်းမြတ်ဟာ သေဒဏ်ကျခံထားရတဲ့ အကျဉ်းသားညီနောင်နှစ်ယောက်ကို ကော်ဖီရဲ့ ဆိုးကျိုးဆိုတာ မရှိဘူးလို့ သက်သေပြဖို့အတွက် အစမ်းသပ်ခံအဖြစ် အသုံးပြုခဲ့တယ်။ အမွှာညီနောင် နှစ်ယောက်ဟာ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းအဖြစ် ပြောင်းလဲပေးခံခဲ့ရပေမယ့် ဘုရင်က သူတို့ကို နေ့တိုင်း တစ်ယောက်က ကော်ဖီသုံးအိုးနဲ့ အခြားတစ်ယောက်က လက်ဖက်ရည်သုံးအိုး သောက်ရမယ်လို့ အမိန့်ချခဲ့ပါတယ်။သူတို့ကိုစောင့်ကြည့်ဖို့ ဆရာဝန်နှစ်ယောက်ကို ခန့်အပ်ခဲ့ပြီး စမ်းသပ်ချက်မပြီးဆုံးခင်မှာ အဆိုပါ ဆရာဝန်နှစ်ဦးလုံး အသက်ရွယ်ကြီးရင့်ကွယ်လွန်သွားခဲ့တယ်။ နောက်ဆုံး ဘုရင်ကြီးပါ သူ့စမ်းသပ်ချက်ရဲ့ ရလဒ်ကို မသိလိုက်ဘဲ သေဆုံးသွားပါတယ်။ အကျဉ်းသားညီနောင်နှစ်ဦးမှာ လက်ဖက်ရည်သုံးအိုး နေ့စဉ်သောက်ရသူက အသက် ၈၃ နှစ်ရောက်မှ အရင်သေသွားခဲ့ပြီး ကော်ဖီသမားရဲ့ သေဆုံးချိန်ကိုတော့ မသိခဲ့ရပါဘူး။

၅. ဆွီဒင်မှာ အီတလီစားသောက်ဆိုင်တွေ အများကြီးရှိပေမယ့် သူတို့ရဲ့ ချက်ပြုတ်ပုံကတော့ မူရင်းနဲ့ တော်တော်ကွဲလွဲနေလိမ့်မယ်။ ဥပမာ – ဆွီဒင်မှာ လူကြိုက်များတဲ့ ကီးဘတ်ပီဇာဟာ အသားနဲ့ အထူးဆော့စ် တစ်မျိုး ပါဝင်ပါတယ်။ တစ်နိုင်ငံလုံးမှာလည်း ဌက်ပျောသီးကို ပီဇာထဲ ထည့်ထားတာကို စားသောက်နိုင်တယ်။

၆. ဆွီဒင်ရောက်တုန်း အခုလို တန်းစီနေတာတွေ့လို့ ကြားဖြတ်ဖို့ မကြိုးစားပါနဲ့။ ဆွီဒင်လူမျိုးဟာ တစ်ကိုယ်ရေ လွတ်လပ်မှုကို အင်မတန်မြတ်နိုးကြပြီး တစ်ယောက်နဲ့တစ်ယောက် Personal Space ထားပေးဖို့ ကြိုးစားကြပါတယ်။ ဒါဟာ တစ်ခုခုကို တန်းစီဈေးဝယ်နေတဲ့ အချိန်မှာတောင် မဖောက်ဖျက်တဲ့ စည်းမျဉ်းတစ်ခုပါ။