အွန်လိုင်းပေါ်က ဆယ်လီတွေကိုဒဲ့ပြောလိုက်တဲ့ ကျော်ကျော်ဗို

0
68

ပရိသတ်အားပေးမှု အခိုင်အမာရရှိထားတဲ့ မင်းသားကျော်ကျော်ဗိုကတော့ သူ့အနေနဲ့ ခေတ်နဲ့ အညီဖြစ်ပျက်နေတဲ့ အရာလေးတခုကို ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ ကျော်ကျော်ဗိုကတော့ ဒီဖက်ခေတ်မှာတော့ လိုင်းပေါ်မှာ ဆယ်လီတွေ များလာတာနဲ့ ပတ်သက်ပြီး ရှင်းပြသွားခဲ့ပြီး ဆယ်လီနဲ့ အနုပညာရှင်ကလည်း ကွာခြားကြောင်း ထောက်ပြသွားခဲ့ပါတယ်။

မင်းသားကျော်ကျော်ဗိုကတော့ MCC နဲ့ အင်တာဗျူးတွင် Online ပေါ်မှာ ဆယ်လီတွေ များလာတဲ့အပေါ် “ခေတ်တွေက ပြောင်းလာပြီး နည်းပညာတွေကလည်း တိုးတက်လာကြတာကို အခုချိန်မှာ လူတိုင်းက ကိုယ်ပိုင် မီဒီယာတွေတောင် ဖြစ်နေကြပြီ။ Social Media ခေတ်ကြီးရောက်လာတဲ့အချိန်မှာ လူတိုင်းက ကိုယ့်လက်ထဲမှာ မီဒီယာတွေတောင် ဖန်တီးလို့ ရနေပြီလေ။ အခွင့်ရေးတွေ ရလာကြပြီလေ။ ဒါကြောင် ဒီလိုတွေများလာတာကတော့ သိပ်တော့ မဆန်းပါဘူး။ အဓိကကတော့ ဘာပဲ လုပ်လုပ်ပါ နာမည်ကြီးအောင် လုပ်ဖို့ လွယ်ပါတယ်။ အနုပညာသမားဖြစ်ဖို့သာ ခက်ပါတယ်။ အနုပညာဆိုတာကလည်း ဗီဇနဲ့ သန္ဓေနဲ့ မြတ်နိုးမှုနဲ့ ဖန်တီးမှုနဲ့ လုပ်ကြရတာကိုး။ ဒါကြောင့်နာမည်ကြီးနေတဲ့လူတွေ အနေနဲ့ တကယ့်အနုပညာသမားဖြစ်ပါစေလို့ပဲ ဆုတောင်းပေးရမှာပေါ့”

ဆယ်လီနဲ့ အနုပညာရှင် ကွာခြားချက်အပေါ် “တချို့တွေကျတော့လည်း ပရိသတ်အာရုံစူးစိုက်မှုကို ရဖို့ အနုပညာနဲ့ မပတ်သက်တဲ့ ကိစ္စလေးတွေ ရှိတယ်။ Social Network ပေါ်မှာ ဖြစ်နေတဲ့ တချို့သောအရာတွေက အနုပညာလို့ ခေါင်းစဉ်တပ်လို့မရတဲ့အရာတွေ အများကြီး ရှိတယ်။ ဆယ်လီဆိုတာက ထင်ရှားကျော်ကြားသူပေါ့။ အနုပညာသမားမဟုတ်ဘူးဗျာ။ ဆယ်လီဆိုတိုင်း အနုပညာသမား မဟုတ်ပါဘူး။ ပရိသတ်တွေလည်း ဒါကို သိပါတယ်။ အနုပညာသမားက သူ့ဟာသူ သပ်သပ်ရှိတယ်။ ဆယ်လီတွေက အောင်မြင်ကျော်ကြားတယ်ဆိုတာ လူတွေကြားမှာ ရေပန်းစားတဲ့ လူတယောက်ပေါ့။ ဒါကြောင့်တချို့ Social Network တွေပေါ်မှာ ပြောဆိုနေတာလေးတွေကတော့ အနုပညာခေါင်းစဉ်နဲ့ သွားလို့တော့ မရဘူးပေါ့နော်။ ဒါကတော့ သူ့စိတ်ကူးတည့်ရာကို လုပ်နေကြတယ်ဆိုတဲ့အပေါ်မှာပဲ လူတွေကို ပြောစရာဆိုစရာလေးတွေ ဖြစ်စေတယ်ပေါ့”

“အဓိကကတော့ Attention ပေါ့ ကိုယ့်မှာ ကိုယ်ပိုင် အကောင့်လေးတခုရှိမယ်ဆိုရင် ဒါလေးနဲ့ ကိုယ့်မီဒီယာလေး ကိုယ့်ကမ္ဘာလေးကို ဖန်တီးကြမယ်။ ကိုယ့်ကမ္ဘာလေးကို လူအများရှေ့မှာ ချပြတဲ့အချိန်မှာ ကောင်းတာလည်း ရှိမယ် ဆိုးတာလည်း ရှိမယ်။ ကိုယ်က ဆိုးတာကို ရည်ရွယ်ပြီး လုပ်မယ်ဆိုရင်လည်း လူတွေ ပြောသလို အဆဲတောင်းသလိုမျိုး ဖြစ်သလိုဆိုရင် လူတွေဝိုင်းဆဲကြမယ်။ ကောင်းတာလုပ်ရင်လည်း ဝိုင်းချစ်ကြမယ်ပေါ့။ ပေါ်ပင် ဆိုတာကလည်း ကိုယ်ပိုင်ကိစ္စလေးနဲ့ Attention ယူလိုက်တာပေါ့။ လူတွေ အများကြီးကို ငါတော့ ရှိနေပြီဆိုတာကို အာရုံစိုက်အောင် လုပ်လိုက်တာပါပဲ” ဟု ပြောကြားသွား ခဲ့ပါတယ်။