အကြီးအကျယ် မှားယွင်းပြီးယုံကြည်လက်ခံထားကြတဲ့ လွဲချော်မှုများ

0
126

လူတစ်ယောက်မှာ မိုးကြိုးပစ်လို့ သေနိုင်တာနဲ့ အာကာသထဲက ဥက္ကာခဲကျလာလို့ မှန်ပြီး သေနိုင်တဲ့ ရာခိုင်နှုန်းဘယ်ဟာက ပိုများပါသလဲ။ ကမ္ဘာပေါ်မှာ နေနေတဲ့သူတွေအတွက်တော့ မိုးကြိုးထိပြီး သေဖို့ထက် ဥက္ကာခဲမှန်ပြီး သေဖို့က ရာခိုင်နှုန်းနှစ်ဆနီးပါး ရှိပါတယ်တဲ့။ အဲ့ဒီလိုပဲ လူသားတွေမှာ တစ်ချို့ အချက်အလက်တွေကို သိပ္ပံနည်းကျလို့ ယုံမှတ်ထားသော်လည်း တကယ်တမ်း သိပ္ပံနည်းကျ ရလဒ်တွေနဲ့ လွဲချော်နေတဲ့ ယုံကြည်မှုတွေ ရှိပါတယ်။ ဒီထဲက တချို့ကို ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

၁. လူတော်တော်များများက ပိုးဟပ်တွေဟာ အင်မတန်အသက်ပြင်းပြီး သတ်ဖြတ်ဖို့ ခက်ခဲတယ်လို့ ထင်ကြတယ်။ တကယ်လည်း သူတို့ဟာ လူတွေထက် နှစ်ပေါင်းများစွာစောပြီး ကမ္ဘာမြေပေါ်မှာ ရှင်သန်လာသလို အသက်ပြင်းတဲ့ အကောင်တွေပါ။ ခေါင်းဖြတ်ခံထားရတာတောင် အချိန်ခဏကြာအောင် အသက်ရှင်သန်နိုင်တယ်။ တချို့ကတော့ နူကလီးယားဗုံးဒဏ်ကို ခံရရင်တောင် ရှင်သန်နိုင်တယ်လို့ ပြောဆိုကြတယ်။

ဒါပေမယ့် ၁၉၅၉ ခုနှစ်က သိပ္ပံစမ်းသပ်ချက်တစ်ခုမှာတော့ နူကလီးယားကပ်ရောက်လာရင် ပိုးဟပ်တွေဟာ အရင်ဆုံးသေမယ့် အင်းဆက်တွေထဲ အပါအဝင်ဖြစ်တာကို သက်သေပြခဲ့ပါတယ်။ သိပ္ပံပညာရှင် နှစ်ဦးက အင်းစက်ပေါင်းစုံကို အနုမြူဓါတ်အဆင့်ဆင့်သက်ရောက်စေပြီး စမ်းသပ်ခဲ့တာပါ။ လူသားတစ်ယောက်ကို သေဆုံးစေနိုင်တဲ့ ဓါတ်သင့်မှုပမာဏအား ၁,၀၀၀ Rad လို့သတ်မှတ်လိုက်ရင် ပိုးဟပ်တစ်ကောင်ဟာ ၂၀,၀၀၀ Rad မှာသေပါတယ်။ ဒါပေမယ့် သူ့ထက်အခြားအင်းဆက်တွေက အများကြီး အသက်ပိုပြင်းပြီး Parasitic Wasp တစ်ကောင်ဟာ ၁၈၀,၀၀၀ Rad ကိုရောက်မှ အသက်ဆုံးရှုံးပါတယ်။ အနိုင်ရသူကတော့ သေးငယ်လှတဲ့ ဘက်တီးရီးယား Deinococcus durans ဖြစ်ပြီး Rad ၁.၅ သန်းကို ရောက်မှ သေပါတယ်။

၂. မုန်လာဥနီဟာ အမြင်အာရုံကို ထူးထူးကဲကဲ တိုးတက်စေတယ်ဆိုတဲ့ ယုံကြည်မှုဟာ တော်တော်ကြာခဲ့ပါပြီ။ မုန်လာဥနီမှာ ဗီတာမင်အေ ပါဝင်ပြီး အမှောင်ထဲမှာ မျက်လုံးအသားကျမှုကို တိုးတက်စေတဲ့ ဓါတ်တစ်ခုလည်း ဖြစ်တယ်။ ဗီတာမင်အေကို ကာရိုတင်းထဲမှာ အများဆုံးတွေ့ရလေ့ရှိပြီး မုန်လာဥနီဟာ ကာရိုတင်းဓါတ် ပါဝင်တယ်။ ဒါပေမယ့် ဘလူးဘယ်ရီ၊ ဘင်္ဂလားဆီးသီး၊ ဟင်းနုနွယ်နဲ့ အခြားဟင်းသီးဟင်းရွက်တွေထဲမှာလည်း ဒီဓါတ်က ထပ်တူပါဝင်ပါတယ်။

သမိုင်းမှာတော့ ဒီယုံတမ်းဟာ ဒုတိယကမ္ဘာစစ်ကာလမှာ စတင်ခဲ့တယ်လို့ ဆိုပြီး “ကြောင်မျက်လုံး” လို့ တင်စားခေါ်ဆိုကြတဲ့ ကပ္ပတိန် ဂျွန်ကန်နင်ဟမ်ဟာ သူ့ရဲ့ထူးခြားတဲ့ အမြင်ဓါတ်ကြောင့် ညဘက်မှာသာ တိုက်ခိုက်လေ့ရှိကြောင်းနဲ့ အဆိုပါ အမြင်စွမ်းအားဟာ သူနေ့တိုင်းစားတဲ့ မုန်လာဥနီမှ ရရှိတာဖြစ်ကြောင်း ဗြိတိန် အစိုးရက ကောလာဟလ ဖြန့်ခဲ့တာပါ။ တကယ်တော့ ကပ္ပတိန်ဂျွန်ဟာ ရေဒါစက်အသစ်တစ်မျိုးကို စမ်းသပ်အသုံးပြုခဲ့တာသာ ဖြစ်ပါတယ်။

၃. လူတွေရဲ့အိပ်ချိန်ဟာ တစ်နေ့တာရဲ့ သုံးပုံတစ်ပုံဖြစ်တဲ့ ရှစ်နာရီ လို့ သတ်မှတ်ကြတယ်။ ဒါပေမယ့် ၂၀၀၄ ခုနှစ်မှာ ပရော်ဖက်ဆာ ဒန်နီယယ်ခရစ်ပ်ကီက လူပေါင်း ၁.၁ သန်းကို ခြောက်နှစ်တာစောင့်ကြည့်လေ့လာခဲ့တဲ့ မှတ်တမ်းအရ တစ်နေ့ရှစ်နာရီ အိပ်တဲ့လူတွေဟာ တစ်နေ့ကို ၆ ၊ ၇ နာရီသာ အိပ်တဲ့လူတွေထက် စောစော သေကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ အကောင်းဆုံးက ရှစ်နာရီထက်လည်း မများ၊ လေးနာရီထက်လည်း မနည်းတဲ့ အိပ်စက်မှုအလေ့ကသာ အသင့်တော်ဖြစ်ကြောင်း သူက ဆိုတယ်။

၎. ရေဟာ အရောင်မဲ့ပြီး ဖောက်ထွင်းမြင်နိုင်တာကြောင့် ပင်လယ်မှာ မြင်ရတဲ့အပြာရောင်ဟာ ကောင်းကင်မှ အရောင်ဟပ်ခြင်းသာ ဖြစ်တယ်လို့ လူတွေက ယူဆကြပါတယ်။ ဒါပေမယ့် ရေရဲ့ မူလအရောင်ဟာ အပြာပါ။ ဒါကို ရေခဲနေတဲ့ ရေတံခွန်တွေက ရေခဲထူထူကို ကြည့်ရင် အလွန်ဖျော့တော့တဲ့ အပြာရောင်ကို မြင်ရမှာဖြစ်တယ်။ ကောင်းကင်ရဲ့ ရောင်ပြန်မှုကလည်း အရေးပါတဲ့ နေရာက ပါဝင်ပေမယ့် ကြီးမားတဲ့ ရေထုထည်ရဲ့ အောက်ကနေ တက်လာတဲ့ အရောင်ကလည်း အရေးပါတာပါပဲ။ ပင်လယ်နဲ့ သမုဒ္ဒရာတို့လို ရေထုထည်ကြီးမားတဲ့ နေရာတွေမှာ သေးငယ်တဲ့အပင်လေးတွေနဲ့ ရေမှော်တွေရှိပြီး သူတို့ကနေ အလင်းရောင်ကို ရောင်ပြန်ထုတ်လွတ်တာ၊ ပြန့်စေတာကြောင့် ရေရဲ့အရောင်ကို အမျိုးမျိုးမြင်တွေ့ရလေ့ရှိပါတယ်။

၅. ငယ်ငယ်တုန်းက အကြောက်ဆုံးအရာတွေထဲမှာ ပီကေမျိုချမိမှာလည်း အပါအဝင်ပါပဲ။ သူ့ရဲ့ ဝါးလို့မပြီး ကပ်စေးစေးနဲ့ ပုံသဏ္ဍာန်ကြောင့် ဝမ်းဗိုက်ထဲကို ရောက်သွားရင်လည်း အစာမခြေနိုင်ဘဲ ဒုက္ခတွေ့တတ်တယ်လို့ ယုံကြည်ခဲ့ကြတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ပီကေတစ်ခုကို အစာချေခြင်းဟာ သင့်တင့်ရုံချက်ထားတဲ့ စတိခ် အသားတုံး သို့မဟုတ် ကတ္တီပါကိတ်မုန့်တစ်စိတ်ထက် ပိုမခက်ပါဘူး။ ဝမ်းဗိုက်ထဲမှာရှိတဲ့ အက်ဆစ်တွေ၊ အင်ဇိုင်းတွေ၊ အစာခြေအရည်တွေနဲ့ လှုပ်ရှားမှုတွေက ပီကေကို ခြေဖျက်နိုင်ဖို့ အတူတကွ လှုပ်ရှားနိုင်တယ်။ ပီကေထဲမှာပါတဲ့ ဓါတုပစ္စည်းတွေကတော့ အစာခြေတဲ့အထဲမှာ ပါမသွားဘဲ ခန္ဓာကိုယ်ထဲကနေ အခြား စွန့်ပစ်ပစ္စည်းတွေလိုပဲ ထွက်သွားမှာပါ။