ဦးဝင်းဦးနဲ့ အသံရောဟန်ရော ပါးပါးလေးတူတယ်ဆိုတဲ့ ရန်အောင်

0
52

မြန်မာ့ရုပ်ရှင်ခေတ်သစ်တစ်ခုကို ဖွင့်ပေးခဲ့တဲ့ ဂန္တဝင်သရုပ်ဆောင် မင်းသားကြီး ဝင်းဦးကိုတော့ အနုပညာကို ချစ်ခင်သူတိုင်း သိကြမှာပါ။ လက်ရှိချိန်နဲ့ဆိုရင်တော့ မင်းသားကြီးဝင်းဦးကွယ်လွန်တာ နှစ် ၃၀ ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ သူ့ရဲ့ကွယ်လွန်ခြင်း နှစ် ၃၀ ပြည့်အခမ်းအနားကိုတော့ အမှတ်ရတဲ့သူတွေ အများကြီးရှိသလို မင်းသားကြီး ရန်အောင်လည်း အပါအဝင်ဖြစ်ပါတယ်။ လက်ရှိချိန်မှာ စီနီယာမင်းသားဖြစ်နေပြီဖြစ်တဲ့ ရန်အောင်ကတော့ မင်းသားဝင်းဦးအရမ်းအောင်မြင်နေတဲ့အချိန်မှာတော့ ဂျူနီယာလေးသာ ဖြစ်ပါတယ်။ ရန်အောင်ကတော့ ဝင်းဦးနဲ့ ပတ်သက်တဲ့အမှတ်တရနဲ့ မင်းသားကြီးအကြောင်းကိုတော့ ပြောကြားသွားခဲ့ပါတယ်။

ရန်အောင်ကတော့ MC နဲ့ အင်တာဗျူးတွင် ဝင်းဦးကွယ်လွန်ခြင်း နှစ် ၃၀ ပြည့်အမှတ်တရစကားနဲ့ ပတ်သက်ပြီး “အကိုနဲ့ ကိုဝင်းဦးနဲ့က အသံရော ဟန်ရော ပါးပါးလေးတူတာပေါ့။ ကိုဝင်းဦးလည်း မြန်မာသံဆိုခဲ့တယ်။ အကိုလည်း မြန်မာသံဆို ပိုကြိုက်တယ်။ ကိုဝင်းဦးသီချင်းတွေကို ဆိုရာမှာလည်း သူနဲ့အတူကြီး မဟုတ်ရင်တောင် တူနိုင်သလောက်ဆိုတယ်။ အဲ့ဒါကိုလည်း အကိုက ဝမ်းသာတယ်။ ဘာလို့လည်းဆိုတော့ သိပ်တော်တဲ့ အနုပညာရှင်တယောက်ပါ။ ၁၉၈၈ ခုနှစ်တုန်းက ဆုံးသွားတော့လေ။ အရေးခင်းဖြစ်နေတဲ့ ကာလကြီး တကယ်ကို ယူကြုံးမရ ဖြစ်မိပါတယ်။ ကိုဝင်းဦးနဲ့ အပြင်မှာ မှတ်မှတ်ရရ နှစ် ခါ သုံးခါ စကားပြောဖူးတယ်။ သူ့ဆီကနေ ပညာတွေ အများကြီးယူချင်ခဲ့တယ်။ သူရိုက်ပြခဲ့တဲ့ ရုပ်ရှင်တွေက အခုချိန်ပြန်ကြည့် အခုပညာရပါတယ်။ သူ့ကား အနည်းငယ်ပဲ ကြည့်ကြည့် သူ့ဖန်တီးမှုတွေက အရမ်းကိုတော်ပါတယ်။ ကျွန်တော်တို့ကတော့ သူ့ကို မှီကိုမမှီတာ”

“ခုခေတ်ကလေးတွေမှာ ကိုဝင်းဦးကို မမှီတဲ့ ကလေးတွေ ရှိပါတယ်။ ဒါကလည်း အပြစ်မပြောလိုပါဘူး။ ဒါပေမယ့်လည်း သူတို့က ကိုဝင်းဦးကို ဘယ်လိုသတ်မှတ်လည်း ဆိုတော့ နောက်စရာ ပြောင်စရာလိုမျိုး သတ်မှတ်ကြတယ်။ အဲ့လိုသတ်မှတ်တာကိုတော့ စိတ်မကောင်းပါဘူး။ နောက်တာကလည်း ကိုဝင်းဦးမှာက စတိုင်လ်တွေ ဟန်တွေရှိလို့ နောက်ကျတာလေ။ နောက်တာလည်း နောက်ပါ။ သူ့ရဲ့ပညာကိုလည်း မြင်ယောင်ကြည့်ပါ”

“ကိုဝင်းဦးဆုံးသွားတဲ့အချိန်မှာ သူ့နေရာမှာ အကိုဝင်ရိုက်ရတော့ တော်တော်ကို တာဝန်ကြီးပါတယ်။ ဒါကြောင့် အကိုရိုက်တဲ့အချိန် ကိုဝင်းဦးကိုဆုတောင်းတယ် မေတ္တာပို့ပေးတယ်။ အကို့အတိုင်း ကျွန်တော့်ကို လုပ်ပေးပါ။ အကို့ လမိုင်းကျွန်တော့်နား ကပ်ပါဆိုပြီးတော့ ပြောမိပါတယ်။ အနုပညာမှာလည်း ဒီလိုမျိုးတွေ ရှိတယ်လေ”

ဝင်းဦး သီချင်းတွေ ပြန်ဆို ဖို့ ဆန္ဒရှိလားဆိုတဲ့ မေးခွန်းကိုတော့ ရန်အောင်က “စဉ်းစားမိပါတယ်။ အသိတယောက်တောင် ပြောပါသေးတယ်။ ကိုဝင်းဦးသီချင်းတွေ ပြန်ဆိုပါလားဆိုပြီးတော့။ စိတ်ထဲမှာ လုပ်ဖို့လည်း စီစဉ်ထားပြီးသားပါ။ ကိုဝင်းဦးရဲ့ သီချင်းလေးတွေကို ပြန်ဆိုဖို့ကတော့။ ဆိုတော့ ဆိုပါမယ်” ဟု ပြောကြားသွားခဲ့ပါတယ်။