ဦးနုရဲ့ ငရဲဆိုတာ ချိုနဲ့လား ဝတ္ထုကို ရုပ်ရှင်ရိုက်မယ်ဆိုတဲ့ ပြေတီဦး

0
73

သရုပ်ဆောင် ပြေတီဦးကတော့ အနုပညာသက်တမ်း တစ်လျှောက်မှာ နာမည်ပျက် ကင်းရှင်းပြီး အောင်မြင်တဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ အသက်အရွယ် အတိုင်းအတာတစ်ခု ရောက်လာချိန်မှာတော့ သရုပ်ဆောင်မယ့် ဇာတ်ရုပ်ကိုလည်း လိုက်ဖက်တာမျိုး ရွေးချယ်ရတယ်လို့ ပြေတီဦးက ဆိုပါတယ်။ မွေးနေ့မှာ ဘုန်းကြီးဝတ်ခဲ့တဲ့ ပြေတီဦးက ဆံပင် ပြန်ရှည်အောင် စောင့်ပြီး နောက်ထပ်ရိုက်မယ့် ဇာတ်ကား ကာရိုက်တာအတွက်လည်း အရှိန်ယူ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

နောက်ထပ်ရိုက်မယ့် ရုပ်ရှင်ကတော့ ဦးနုရဲ့ “ငရဲဆိုတာ ချိုနဲ့လား” ဝတ္ထုကို အခြေခံမှာ ဖြစ်ပြီး ဇာတ်ကောင်က အရမ်းကြမ်းတယ်လို့ သိရပါတယ်။ ဒီဝတ္ထုကို ဝယ်ယူခဲ့တဲ့ အကြောင်းရင်းကိုတော့ ပြေတီဦးက ခုလို ပြောပြပါတယ်။

“ငရဲဆိုတာ ချိုနဲ့လား ဝတ္ထုက လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်လောက် ကတည်းကိုက ကျွန်တော် အရမ်းကြိုက်လို့ ရိုက်ဖို့ ကြိုးစားသေးတယ်။ အဲ့တုန်းက ဇာတ်လမ်းကို ကျွန်တော့်အမေကို ပြောပြတော့ မေမေက နားထောင်ပြီး မကြည့်ရဲဘူး သားတဲ့။ ဇာတ်ကောင်က အရမ်းကြမ်းတယ်တဲ့ ။ အဲ့လောက်ကြီးတော့ မေမေ မကြည့်ရဲဘူး ပြောတယ်။ မရိုက်ပါနဲ့ဦး သားရယ် ဆိုတာနဲ့ မရိုက်ပါဘူးဆိုပြီး ခဏထားခဲ့လိုက်တာ။ အဲ့ဇာတ်လမ်းက ကျွန်တော့်ရင်ထဲမှာတော့ အမြဲတမ်းရှိတယ်။ အမြဲတမ်း သတိရနေတယ်။ ဒီဇာတ်ကိုပဲ သတိရနေတာ။ ဒီဘက်ခေတ်ရောက်တော့ ဒီဇာတ်လမ်းကို ပြန်ရိုက်ချင်တယ်လို့။ ကိုယ့်ရဲ့ အသက်အရွယ်နဲ့ ဒီအချိန်မှာ ရိုက်လို့ သင့်တော်တာမျိုး ဖြစ်လာပြီ။ ရိုက်ချင်တယ်ဆိုတော့ တစ်ခေါက်ပြန်ဖတ်ကြည့်လိုက်တာ မြန်မာပြည်သူ လက်မခံနိုင်လောက်တဲ့အထိ ကြမ်းတမ်းတာတော့ မဟုတ်ဘူး။ လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာပဲ ရှိတယ်။ ကျွန်တော် အကြိုက်ဆုံးက ဇာတ်ရဲ့ ပေးချင်တဲ့ မက်ဆေ့ခ်ျ။ ကျွန်တော်တို့ ကိုယ်တိုင်ကို သေသေချာချာ မသိသေးတဲ့ အကြောင်းတရားတွေ အဲ့ထဲမှာ တော်တော်များများ ပါတယ်။ စာရေးဆရာ ဦးနုက ဒီဝတ္ထုကို ရေးဖို့အတွက် လေ့လာခဲ့တဲ့ စာပေတွေ စာအုပ်တွေ အများကြီးထဲကမှ ဒီဝတ္ထုကို ရေးခဲ့တာဆိုတော့ ရိုက်ချင်စိတ်ဖြစ်အောင် စေ့ဆော်လွန်းအားကြီးလို့ ဒီဝတ္ထုကို ဝယ်ခဲ့တာပါ။” ဆိုပြီး ပြောပြသွားပါတယ်။

ရုပ်ရှင်ရိုက်ဖို့ အချိန်ယူမယ့်ကာလကိုလည်း ပြေတီဦးက ခုလို ပြောပြသွားပါတယ်။“၂၀၁၉ မကုန်ခင်လောက်မှာ နောက်အကျဆုံး ဆိုရင်တောင်မှ နိုဝင်ဘာ ဒီဇင်ဘာလောက် နောက်အကျဆုံး ရိုက်ချင်တယ်။ team ကကျတော့ ၂၀၁၀ လို့ ပြောလို့ မလုပ်ပါနဲ့ ငါတို့လည်း တွန်းတွန်းတိုက်တိုက် လုပ်ပါ့မယ် ဆိုပြီး ပြေထားရတယ်။ တစ်နှစ်တော့ အချိန်ယူရမှာပေါ့။” လို့ ဆိုပါတယ်။

ဇာတ်ကောင်အရမ်းကြမ်းတယ်ဆိုတဲ့ ဦးနုရဲ့ “ငရဲဆိုတာ ချိုနဲ့လား” ဝတ္ထုကိုတော့ ရုပ်ရှင်ထွက်လာတာတဲ့အခါ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။