ဒေါ်လာသန်းတစ်ရာကုန်ကျတဲ့ အဂေါ်ဆုံး အကြမ်းဆုံး အိန္ဒိယကမင်္ဂလာပွဲ

0
93

အိန္ဒိယနိုင်ငံကတော့ ကမ္ဘာပေါ်မှာ ကုန်ကျစရိတ်အကြီးဆုံး မင်္ဂလာပွဲကြီးကို ဆင်နွှဲပြီး စိတ်လှုပ်ရှားနေကြပြီး Crazy Rich Asians ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေကို သနားတယ်လို့ ပြောနိုင်မယ့် မင်္ဂလာပွဲကြီးကို မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၂ ရက်နေ့မှာ အာရှရဲ့ အချမ်းသာဆုံး စီးပွားရေးသမား ဖြစ်တဲ့ မူကက်ရှ်အမ်ဘာနီ ဟာ သူ့သမီးချော အစ်ရှာကို အခြားအိန္ဒိယဘီလီယံနာ တစ်ဦးဖြစ်တဲ့ အာဂျေးပီရာမယ် ရဲ့သားဖြစ်သူ အန်နန်နဲ့ လက်ဆက်ပေးတော့မှာပါ။ လက်ထပ်ပွဲစီစဉ်သူ အသိုင်းအဝိုင်းက ထွက်လာတဲ့ သတင်းအရ တစ်ပတ်ကြာအောင် ကျင်းပမယ့် မင်္ဂလာပွဲကြီးဟာ အမေရိကန်ဒေါ်လာသန်းတစ်ရာခန့် ကုန်ကျမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မင်္ဂလာပွဲအကြို ပါတီကို ဖိတ်ကြားခံရသူတွေထဲမှာလည်း နာမည်ကျော်အဆိုတော် ဘီယွန်းစေး ကနေ အမေရိကန် နိုင်ငံရေးအထင်ကရ တစ်ဦးဖြစ်တဲ့ ဟီလာရီကလင်တန်ထိ ပါဝင်မှာပါ။ ဘီယွန်းစေးဟာ အကြိုပါတီ မှာလည်း Crazy in Love သီချင်းနဲ့ သီဆိုဖျော်ဖြေသွားမယ်လို့ သိရပါတယ်။ ဧည့်စာရင်းက ဘယ်လောက်တောင် ရှည်လျားများပြားသလဲ ဆိုရင် မင်္ဂလာပွဲကျင်းပသူ နှစ်ဖက်မိဘ တွေဟာ ကျင်းပမယ့်နေရာနားမှာ ကြယ်ငါးပွင့်ဟိုတယ် အနည်းဆုံးငါးခုကို ဌားရမ်းထားတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာကိုလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းမှာ မြင်တွေ့ခဲ့ရပြီး လှပတဲ့ ဗူးလေးထဲမှာ ရွှေအစစ်သေတ္တာငယ် လေးခုထည့်ထားတဲ့ အလန်းစားဖိတ်ကြားမှုပါ။ မင်္ဂလာပွဲကျင်းပမယ့် အိန္ဒိယအလယ်ပိုင်း သာယာတဲ့ မြို့တော် အီဒိုင်ပူမှာလည်း အန်ဘာနီ မိသားစုက လူပေါင်းငါးထောင်ကျော်စာ တစ်နေ့သုံးနပ်နဲ့ လေးရက်တိတိ ကျွေးမွေးအလှူအတန်းလုပ်ခဲ့ပါတယ်။ မြို့တွင်းမှာ ရိုးရာအိန္ဒိယ ပန်းချီကားတွေ၊ အိုးတွေနဲ့ ရိုးရာ အနုအလှလက်ရာတွေကို ပြသထားတဲ့ ဈေးတစ်ခုကိုလည်း တည်ထောင်ခဲ့ပါသေးတယ်။

အဓိကမင်္ဂလာအခမ်းအနားကိုတော့ ယောက်ျားလေးဘက်က အိမ်ဖြစ်တဲ့ မွမ်ဘိုင်းမှ ၂၇ – ထပ် အဆောက်အုံမှာ ကျင်းပသွားမှာဖြစ်ပြီး မင်္ဂလာဆောင်အပြီး ပါတီပွဲကိုလည်း အဆိုပါမြို့မှာပဲ ဆက်ကျင်းပသွားမှာပါ။ ရယ်လီးယန့်စ်စက်မှုလုပ်ငန်းရဲ့ ဥက္ကဌဖြစ်တဲ့ မူကက်ရှ်ဟာ ဒီနှစ်အတွင်းမှာပဲ အာရှရဲ့အချမ်းသာဆုံး ဂုဏ်တံဆိပ်ကို တရုတ်နည်းပညာသူဌေး ဂျက်မား ထံမှ လွှဲပြောင်းယူခဲ့တာပါ။ အစ်ရှာဟာ သူ့ကလေးတွေထဲမှာ ပထမဆုံး လက်ထပ်မယ့် သူလည်း ဖြစ်ပါတယ်။