ဒေါ်အောင်ဆန်းစုကြည်ကို ကျေးဇူးတင်တယ်ဆိုတဲ့ Project K

0
67

အခုလက်ရှိ လူငယ်ပရိသတ် အထူးသဖြင့် နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်နေပြီး ပရိသတ်အားပေးမှုကို အထိုက်အလျောက်ရရှိနေပေမယ့်လည်း ဝေဖန်မှုတွေကိုပါ အနည်းအငယ်ခံနေရတဲ့ ယောက်ျားလေး လူငယ်အဆိုတော်အဖွဲ့ဖြစ်တဲ့ Project K အဖွဲ့ဟာ သူတို့ကို နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂုဏ်ပြုပေးတဲ့အတွက် ကျေးဇူးတင်ကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။

Project K အဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဂုဏ်ပြုတဲ့အပေါ်မှာ “တီထွင်နိုင်တိုင်း ကောင်းတယ်လို့တော့ မဟုတ်ဘူးပေါ့နော် ကျွန်တော်တို့က တတ်နိုင်တဲ့ဟာလေးတွေကိုပဲ အကောင်းဆုံး လုပ်ပြလိုက်တာပဲ ရှိတာပါ။ အဲ့တာကိုမှ အမေစုလို ပုဂ္ဂိုလ်လိုမျိုးက အသိအမှတ်ပြုတယ်ဆိုတာနဲ့တင် ကျွန်တော်တို့က တကယ်ကို ပီတိဖြစ်တယ်။ အရမ်းကို ဝမ်းသာမိတယ် ဂုဏ်လည်း ဂုဏ်ယူပါတယ်။ ဘာမဟုတ်တဲ့ ကိုယ်တွေက အကောင်းဆုံးလေး လုပ်နိုင်တာလေး တစ်ခုလေးအတွက် အသိအမှတ်ပြုခံရတယ်ဆိုတော့ တကယ် ကျေးဇူးအများကြီးတင်တယ်။ ပြီးတော့ အရမ်းလည်း ဂုဏ်ယူတယ် ပြီးတော့ ဘာမှလည်း မဟုတ်ပါဘူး ဘာမှလည်း မဖြစ်သေးပါဘူး။ ဘာဆိုဘာမှမဟုတ်သေးဘူး။”လို့ ပြောသွားခဲ့ပါတယ်။

ဘန်ကောက်မှာ အဖွဲ့လိုက်ကြီး ဓာတ်ပုံစုရိုက်ဖြစ်တဲ့ အကြောင်းနဲ့ ပတ်သက်ပြီး “ပို့စ်ပေးတဲ့ ပုံစံက လွတ်လွတ်လပ်လပ်လေးပါပဲ နည်းနည်း Snap ပုံစံလေးပဲ လျှောက်သွားတဲ့ဟာတွေကို လိုက်ရိုက်ထားတာ အဓိက ကျွန်တော်တို့ MTV ရိုက်တုန်းက သွားရင်းနဲ့ တစ်ရက်ပေါ့နော်။ Photographer နဲ့ချိန်းပြီးတော့ လျှောက်သွားလျှောက်စားတဲ့ဟာတွေကို ရိုက်ထားတာပေါ့နော်။ ဓာတ်ပုံကြည့်လိုက်ရင် သိပါတယ် ထွေထွေထူးထူး ပြောစရာမရှိပါဘူး။ တစ်ချို့ပို့စ်တွေကြတော့လည်း ဓာတ်ပုံဆရာပြောတယ်ပေါ့နော်။ တစ်ချို့တော့လည်း ကိုယ့်ဘာသာလျှောက်သွားနေတဲ့ ပုံစံလေးတွေကို ရိုက်ထားတာပေါ့နော်။ အများကြီးပဲ အဲ့မှာ Snapကကြတော့ နည်းနည်း ခက်တော့ ခက်တယ်ပေါ့နော်။ ပုံတစ်ရာလောက်ရိုက်တယ်ဆိုရင် ပုံနှစ်ဆယ်လောက်ပဲ ကောင်းတယ် တစ်ယောက်က အဆင်ပြေတယ် တစ်ယောက်က အဆင်မပြေဘူးပေါ့။”လို့ ပြောသွားခဲ့ပါတယ်။

Limited Album ရောင်းအားကောင်းတာနဲ့ ပတ်သက်ပြီး သူတို့ရဲ့ ခံစားချက်နဲ့ ပတ်သက်ပြီး “Limited ကအကုန်လုံးတော့ မကုန်သေးဘူးပေါ့နော် ဒါပေမဲ့ တော်တော်များများကုန်သွားပြီပေါ့နော်။ နည်းနည်းလောက်ပဲ ကျန်တော့တော့တယ် အဲ့အတွက် ဒီလောက်အထိ Physical Album တွေရောင်းအားကျနေတဲ့အချိန်မှာ ကျွန်တော်တို့ရဲ့ Album လေး သာမန်ထက်တောင်မှ နည်းနည်း ဈေးပိုကြီးတယ်ပေါ့နော်။ Limited Edition ပေါ့နော် အဲ့အတွက်တောင်မှ အများကြီး အားပေးကြတယ် အားပေးတဲ့အတွက်လည်း တကယ်ကို ကျေးဇူးတင်ပါတယ်။ အခုလိုအခြေအနေမျိုးမှာတောင် ဒီလောက်အထိ အားပေးတဲ့အတွက် တကယ်ကိုမှ လှိုက်လှိုက်လဲလဲ ကျေးဇူးတင်ပါတယ်ပေါ့ ဘာလို့လဲဆိုတော့ ကျွန်တော်ကိုယ်တိုင်တောင်မှ အံ့ဩမိတယ်။ ဒီလောက်တောင်မှ အားပေးကြတယ်ပေါ့နော်။”လို့ ပြောသွားခဲ့ပါတယ်။

သီချင်းအခွေသစ် ထွက်ဖို့ရှိသေးလားလို့ မေးမြန်းရာ “ရှိတာပေါ့ အများကြီးရှိတယ်ပေါ့ ဒါပေမဲ့ အခုလောလောဆယ်တော့ Album ကြီးတစ်ခုကလည်း ထွက်ပြီးသွားပြီဆိုတော့ နည်းနည်းငြိမ်ပြီးတော့ Quality ကောင်းကောင်းတွေ ချပြဖို့အတွက် ထပ်မြှင့်ရဦးမယ် ထပ်ပြီးတော့ စုရဦးမယ်။ ထပ်ပြီးတော့ ဝမ်းစာဖြည့်ရဦးမယ်ပေါ့ ပြီးတော့မှ အကောင်းဆုံး အဆင်သင့်ဖြစ်ပြီဆိုတော့မှ ချပြမယ် ဒါပေမဲ့ လောလောဆယ်မှာ ကျွန်တော်တို့ရဲ့ Single song လေးတွေ Release လုပ်လို့ရရင် လုပ်သွားမယ် MVလေးတွေလည်း ထုတ်သွားမယ် အခြား Project လေးတွေ လုပ်သွားမယ်။”လို့ ပြောသွားခဲ့ပါတယ်။

ဆက်လက်ပြီးတော့လည်း “ကျွန်တော်တို့ကို အားပေးနေတဲ့ ပရိသတ်ကြီးကို အများကြီး ကျေးဇူးတင်ပါတယ်။ အမြဲတမ်းလည်း ချစ်ပေးကြတဲ့အတွက်လည်း ချစ်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ် အခုလိုအခြေအနေမျိုးမှာ ကျွန်တော်တို့ Project Kက အချိန်တိုလေးအတွင်းမှာ ဒီလိုနေရာမျိုးတွေ ရောက်လာတယ် ဒီလိုပွဲတွေ တက်ခွင့်ရတယ်ဆိုတာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာ စေတနာတွေကြောင့်မို့လို့ပါ။ ကျွန်တော်တို့ကို ချစ်ပေးတဲ့အတွက် ကျွန်တော်တို့ကို အားပေးတဲ့အတွက် ဒီလိုနေရာကို ရောက်လာတာပါ။”လို့ City FM ၁၇နှစ်ပြည့် အထိမ်းအမှတ်ပွဲမှာ Popular Journal ရဲ့ အင်တာဗျူးမှာ ဖြေဆိုသွားခဲ့တာဖြစ်ပါတယ်။