မြန်မာနိုင်ငံကိုလာရတဲ့ခံစားချက်ကိုပြောပြတဲ့ F4 မင်းသမီး ဂင်ဂျန်ဒီ

0
81

လွန်ခဲ့တဲ့ဆယ်နှစ်ကျော်လောက်က ပရိသတ်တွေအရူးအမူးစွဲလန်းအားပေးကြတဲ့ F4 ရုပ်ရှင်ဇာတ်ကားကို မှတ်မိကြဦးမယ်ထင်ပါတယ်။ အခုခေတ်ဇာတ်လမ်းတွဲတွေ စွဲလန်းဖို့ကောင်းတယ်ဆိုတာ ဘယ်ဟုတ်မလဲ။ F4 ကမှ ထိုင်ရာမထ တမ်းတမ်းစွဲအားပေးရလောက်အောင်ကို ပြောင်မြောက်ခဲ့တဲ့ ဇာတ်လမ်းတွဲမဟုတ်လား။အဲဒီ ဇာတ်လမ်းတွဲရဲ့အဓိက သော့ချက်လို့ကိုပြောရမယ့်ထိပ်တန်းမင်းသားနှစ်ယောက်ဝိုင်းချစ်တာခံရတဲ့ ထက်မြက်ပွင့်လင်းပြီး တလွဲတွေလည်းလုပ်တတ်တဲ့ ချစ်စရာကောင်းလွန်းတဲ့ ဂင်ဂျန်ဒီဆိုတဲ့ ဇာတ်ရုပ်ကို ပိုင်နိုင်ကျွမ်းကျင်စွာပုံဖော်ခဲ့တဲ့ ကိုရီးယားမင်းသမီးလေး ဂိုဟေဆန်းဟာ အခုဆိုရင်မြန်မာနိုင်ငံကိုရောက်လာခဲ့ပြီဖြစ်ပါတယ်။

ရောက်လာရတဲ့အကြောင်းကတော့ ရိုက်ကူးရေးကြောင့်မဟုတ်ပါဘူး။အားလုံးသိကြတဲ့အတိုင်းပဲ ပထမဆုံး ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကိုတက်ရောက်ဖို့ရောက်ရှိလာခဲ့ခြင်းပါ။ ပထမဆုံးကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကိုတက်ရောက်လာမယ်ဆိုတဲ့အကြောင်းကိုလည်းလွန်ခဲ့တဲ့ရက်အနည်းငယ်ကတည်းက သူမရဲ့ ပရိသတ်တွေကို Video အတိုလေးနဲ့အသိပေးခဲ့ပြီးဖြစ်ပါတယ်။ အဲဒီ Video လေးထဲမှာ ဂိုဟေဆန်း (ဂင်ဂျန်ဒီ)က ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်အတွက် ဂုဏ်ယူနေကြောင်း ပရိသတ်တွေနဲ့တွေ့ဖို့လည်းစိတ်လှုပ်ရှားနေကြောင်းကို “မင်္ဂလာပါ ဂိုဟေဆန်းပါ။ ပထမဆုံးအကြိမ် ကျင်းပတဲ့ ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကို စိတ်ရင်းနဲ့ ဂုဏ်ပြုပါတယ်။ ဒီတစ်ခေါက် ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်ကတစ်ဆင့် ကိုရီုးယားနဲ့ မြန်မာ ရုပ်ရှင်နဲ့ ယဉ်ကျေးမှုတွေနှီးနှောဖလှယ်ခြင်းတွေ ချောချောမွေ့မွေ့ဖြစ်ဖို့ မျှော်လင့်ပါတယ်။ 12 လပိုင်း 14 ရက် ပထမဆုံးအကြိမ် ကိုရီးယား-မြန်မာရုပ်ရှင်ပွဲတော်ကို အများကြီးတက်ရောက်အားပေးကြပါလို့။ ကျွန်မလည်း မြန်မာပရိသတ်ကြီးနဲ့ မြန်မာရောက် ကိုရီးယားပရိသတ်ကြီးကို တွေ့ဆုံရမှာကိုလည်း အရမ်းကို စိတ်လှုပ်ရှားမျှော်လင့်နေမိပါတယ်။ ကျေး ဇူး တင်.. ပါ တယ်”လို့ နောက်ဆုံး ကျေးဇူးတင်ပါတယ်ကို မြန်မာလိုမပီကလာလေးနဲ့ ချစ်စဖွယ်လေးပြောသွားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အဲဒီအချိန်ကစလို့ မြန်မာနိုင်ငံကို ဂင်ဂျန်ဒီရောက်လာမယ့်နေ့ကို စိတ်လှုပ်ရှားရင်ခုန်စွာ လက်ချိုးရေတွက်နေခဲ့ကြတာပဲဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ 13 ရက်နေ့ ညဆယ်နာရီခန့်မှာ ဂိုဟေဆန်းက လွပ်လပ်ပေါ့ပါးတဲ့အသွင်အပြင်လေးနဲ့ မြန်မာနိုင်ငံအပြည်ပြည်ဆိုင်ရာလေဆိပ်ကိုရောက်ရှိလာခဲ့ပြီး လေဆိပ်မှာ လာကြိုနေတဲ့ ပရိသတ်တွေကို ချစ်စဖွယ်အမူအရာလေးနဲ့ လက်ပြနှုတ်ဆက်နေခဲ့ပါတယ်။ ဂိုဟေဆန်းက နောက်တစ်နေ့ 12လပိုင်း 14 ရက်နေ့မှာ ကိုရီးယား-မြန်မာ ရုပ်ရှင်ပွဲတော်ကို ချစ်စရာကောင်းပြီးလုံခြုံအေးချမ်းတဲ့ ဝတ်စားဆင်ယင်မှုလေးနဲ့ အဖြူရောင် ဇာဂါဝန်လက်ရှည်ကိုဆင်မြန်းကာ တက်ရောက်လာခဲ့ပါတယ်။ ဒီလိုတက်ရောက်ရတဲ့ခံစားချက်ကိုလည်း စင်ပေါ်မှာ ဂုဏ်ပြုလွှာလက်ခံရယူရင်း ပြောကြားသွားခဲ့ပါတယ်။

ဂိုဟေဆန်းက စကားပြန်ကနေတစ်ဆင့် “မင်္ဂလာပါ။ ဂိုဟေဆန်းဖြစ်ပါတယ်။မြန်မာနိုင်ငံကိုပထမဆုံးလာရောက်ခဲ့ခြင်းပါ။ အခုလိုဖိတ်ကြားခံရခြင်းအတွက် စိတ်ရင်းနဲ့ဂုဏ်ယူဝမ်းမြောက်ပါတယ်။ ဒီရုပ်ရှင်ပွဲတော်ကြီးကို အောင်မြင်စွာကျင်းပသွားနိုင်ဖို့ဆန္ဒပြုပါတယ်။ ဒီနေ့ကြွရောက်လာကြတဲ့ လူကြီးမင်းများအားလုံးလည်း ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးတွေရကြပါစေလို့ ဆုတောင်းပေးပါတယ်။ကျေးဇူးတင်ပါတယ်ရှင်”လို့ ပြောကြားသွားခဲ့ပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော အရမ်းကိုချစ်စရာကောင်းလွန်းတဲ့ ဂင်ဂျန်ဒီလေးကို အပြင်မှာအရှင်လတ်လတ်တွေ့ဖူးပြီးသွားကြပြီလား။ ဂင်ဂျန်ဒီကိုရော ချစ်ကြလား။ ဂင်ဂျန်ဒီကိုတွေ့ပြီး F4 ကားကို ဘယ်နှစ်ခါမြောက်မှန်းမသိပြန်ကြည့်ချင်တဲ့စိတ်ရောပေါ်လာကြသေးလား။ ဂင်ဂျန်ဒီက မြန်မာနိုင်ငံက သရုပ်ဆောင်တွေနဲ့တွဲပြီး ရုပ်ရှင်ရိုက်မယ်ဆိုရင်ရော အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say