ကြည့်ကိုကြည့်သင့်တဲ့ အရယ်ရဆုံးဟာသကားများ

0
84

ထာဝရ ရယ်စရာအကောင်းဆုံး ရုပ်ရှင်ကားစာရင်းကို ထုံးစံအတိုင်း Ranker က လူအများရဲ့ မဲကို ကောက်ခံပြီး ဖော်ပြထားတာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ရသခံစားမှုခြင်း မတူလို့ ကိုယ်ကြိုက်တဲ့ ဇာတ်ကား ပါမလာတာလည်း ဖြစ်နိုင်ပေမယ့် ဒါဟာ အင်တာနက်ပေါ်က လူအများစုရဲ့ အကြိုက်ဆုံး စာရင်းပါ။ ပြောချင်လွန်းလို့အတွက် ဖော်ပြပေးပါရစေ။

၁. Monty Python and the Holy Grail (1975)

အင်္ဂလန်ရဲ့ ဒဏ္ဍာရီလာ အာသာဘုရင်မင်းမြတ်ကို အခြေခံထားတဲ့ Slapstick စတိုင် Comedy ဇာတ်ကားပါ။ ဟောင်းပေမယ့် ခုချိန်ထိ လူကြိုက်အများဆုံး ဖြစ်နေဆဲ ဆိုတာ ဒီစာရင်းက သက်သေပြနေတယ်။ အေဒီ ၉၃၂ ခုနှစ်မှာ အခြေခံထားပြီး အာသာဘုရင်နဲ့ နောက်လိုက် ပါစီ တို့ သူရဲကောင်းတွေကို လိုက်ရှာရင်း ဘုရားသခင်က သူ့ကို Holy Grail လိုက်ရှာဖို့ အမိန့်ပေးတဲ့အခါ ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကို ဟာသလုပ်ထားတာပါ။

၂. The Hangover (2009)

The Hangover ကတော့ သူ့ရဲ့ ပါးနပ်တဲ့ တင်ဆက်ပုံ၊ စိတ်ဝင်စားစရာ အခင်းအကျင်းနဲ့ စွမ်းဆောင်ရည် ကြောင့် ဒီစာရင်းရဲ့ ထိပ်ဆုံးနားမှာ အမြဲရှိနေမှာပါ။ Bradley Cooper တို့ ဦးဆောင်ပါဝင်တဲ့ ဇာတ်ကားကို ဒါရိုက်တာ Todd Phillips မှရိုက်ကူးထားပြီး မိန်းမယူကာနီး သူငယ်ချင်းကို ဘတ်ချလာနိုက် ပါတီ အခမ်းနားဆုံး ကျင်းပပေးဖို့ ကြိုးစားရင်း အမူးလွန်ကုန်တဲ့အခါ ဖြစ်လာတဲ့ ပြဿနာတွေကို နောက်နေ့မှ သဲလွန်စ ပြန်ရှာပြီး ဖြေရှင်းရတဲ့ ဇာတ်ကားကောင်းပါ။ ဘတ်ဂျက် ၃၅ သန်းထဲနဲ့ ရိုက်ကူးခဲ့ပြီး ရုံဝင်ငွေဒေါ်လာသန်း ၄၆၇.၅ ပြန်ရခဲ့တယ်။

၃. Airplane! (1980)

Airplane! ဟာ ၁၉၈၀ ခုနှစ်က အမေရိကန် Disaster သရော်ဟာသ ရုပ်ရှင်ကား ဖြစ်ပြီး David Zucker, Jim Abrahmas နဲ့ Jerry Zucker တို့ ရေးသားရိုက်ကူးခဲ့တာပါ။ ဒီကားဟာ Disaster Comedy လို့ခေါ်တဲ့ ကမ္ဘာပျက်ကတ်တွေ အဖြစ်ဆိုးတွေ အကြောင်း ရိုက်ကူးထားတဲ့ ဇာတ်ကား သို့မဟုတ် ဇာတ်ကားတွေကို ပြန်လှောင်ပြောင်တဲ့ အစောပိုင်း သရော်ဟာသကား တစ်ကားဖြစ်ပါတယ်။ အဓိကအားဖြင့် ၁၉၅၇ ခုနှစ်က Zero Hour! ရုပ်ရှင်ကို အရွှန်းဖောက်ထားတာပါ။ သူ့ခေတ်မှာ တော်တော်အောင်မြင်ခဲ့ပြီး ဘတ်ဂျက် ၃.၅ သန်းထဲနဲ့ ရုံဝင်ငွေသန်း ၁၃၀ ကျော် ပြန်ရထားတယ်။

၎. Blazing Saddles (1974)

ဒီစာရင်းထဲမှာတော့ Classic လို့ ပြောလို့ရတဲ့ ရုပ်ရှင်တွေ တော်တော်ပါလာတာ တွေ့ရပါတယ်။ ဒါပေမယ့် တစ်ခုနဲ့တစ်ခု ဟာသအမျိုးအစား မတူဘူးလို့ ဆိုနိုင်တာတော့ ဝမ်းသာစရာပါ။ Blazing Saddles ကတော့ အမေရိကန် လူနီရိုင်းတွေ၊ ကောင်းဘွိုင်တွေ၊ ရွှေ့ပြောင်းအခြေချသူတွေနဲ့ အနောက်ဘက် Wild West အထာကို လှောင်ပြောင်ထားတဲ့ ဒါရိုက်တာ Mel Brooks ရဲ့ ရုပ်ရှင်ကားပါ။ အော်စကာသုံးခု စကာတင်ပါခဲ့ပြီး အမေရိကန် ရုပ်ရှင်အစည်းအရုံးရဲ့ နှစ်တစ်ရာအတွင်း ဟာသကားတစ်ရာ စာရင်းမှာ နံပါတ်ခြောက် ချိတ်ပါတယ်။ ဒီလောက်ဆို တော်တော်လုံလောက်နေပါပြီ။

၅. Caddyshack (1980)

Caddyshack ကလည်း အပေါ်က ကားတွေနဲ့ မတူတဲ့ အမျိုးအစားတစ်ခုပါပဲ။ သူကတော့ Sports Comedy ရုပ်ရှင်ကား ဖြစ်ပြီး Harold Ramis မှ ပူးတွဲရေးသားကာ ဒါရိုက်တာအဖြစ် ရိုက်ကူးခဲ့တယ်။ သူ့ရဲ့ ဒါရိုက်တာဘဝ ပွဲဦးထွက်ဖြစ်သလို အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ Rodney Dangerfield ရဲ့အောင်မြင်မှုကို စတင်ပေးခဲ့တဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ Dangerfield ဟာ တစ်ကိုယ်တော်ဟာသဖျော်ဖြေရေးသမား ဖြစ်ပြီး ဒီရုပ်ရှင်နဲ့ သရုပ်ဆောင်ဘက်မှာ နာမည်စရလာခဲ့တယ်။ အောင်မြင်မှုကြောင့် ၁၉၈၈ ခုနှစ်မှာ နောက်ဆက်တွဲ Caddyshack II ကိုထပ်ရိုက်ပေမယ့် ဂန္တဝင်ဟာသကားလောက် မအောင်မြင်တော့ပါဘူး။

၆. Dumb and Dumber (1994)

Jim Carrey ကိုလူသိများလာစေတဲ့ ကားတွေထဲက တစ်ခု အပါအဝင်ဖြစ်တဲ့ Dumb and Dumber ကိုတော့ ဝေဖန်သူတွေအမြင်မှာ အကောင်းအဆိုး ရောနေခဲ့ပါတယ်။ ဥာဏ်သိပ်မကောင်းပေမယ့် စာရိတ္တ ကောင်းမွန်တဲ့ သူငယ်ချင်းနှစ်ဦးက သူတို့တွေ့ရှိခဲ့တဲ့ ပြန်ပေးငွေကို မတော်တဆ ကျကျန်ခဲ့တာ မှတ်ပြီး ပိုင်ရှင်ကို လိုက်ရှာပေးဖို့ ခရီးနှင်တဲ့အကြောင်း ရိုက်ကူးထားတာပါ။ ဘတ်ဂျက် ၁၇ သန်းသာ ကုန်ပေမယ့် ဒေါ်လာ ၂၄၇ သန်းကျော် ပြန်ရခဲ့တယ်။ Jim Carrey ကတော့ ၁၉၉၄ မှာထွက်ရှိခဲ့တဲ့ The Mask, Ace Ventura, Dumb and Dumber သုံးကားနဲ့ နိုင်ငံတကာမှာ စတားဖြစ်လာခဲ့ပါတယ်။