နိုင်ငံတစ်ခုလုံးကို ကား၊ရထား အားလုံးနဲ့ အခမဲ့ သွားလာနိုင်မယ့် ပထမဆုံးနိုင်ငံ

0
74

ဘယ်လ်ဂျီယံ၊ ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတွေရဲ့ အနီးတဝိုက်မှာရှိတဲ့ ဥရောပနိုင်ငံငယ်လေး ဖြစ်တဲ့ လူဇင်ဘတ်ဆိုတဲ့ နိုင်ငံကတော့ ကမ္ဘာ့ပထမဆုံး အများသုံး Public ဧရိယာမှာ သယ်ယူပို့ဆောင်ခ အခမဲ့နဲ့ ရထားတွေ ဘတ်စ်ကားတွေ ပြေးဆွဲတော့မှာပါ။ တစ်နိုင်ငံလုံး ကိုကြိုက်သလို သွားနိုင်မှာ ဖြစ်ပြီး ကားခ ရထားခ ဘာမှ ပေးစရာလိုတော့မှာ မဟုတ်ပါဘူး။ ကဲ..ပျော်စရာ မကောင်းဘူးလား။ မြန်မာနိုင်ငံမှာရော YBS ကို ကားခ ပေးစရာမလိုဘဲ မစီးချင်ကြဘူးလား။ တချိန်ချိန်တော့ ဖြစ်လာရင်လည်းဖြစ်လာနိုင်မှာပေါ့ ပြောချင်လွန်းလို့ စာဖတ်သူတို့ရေ။ လောလောဆယ် လူဇင်ဘတ် ကတော့ သူတို့ ပြည်သူတွေအတွက် ပို့ဆောင်ရေးအခမဲ့ နဲ့ သွားလာနိုင်အောင် လုပ်ပေးမယ့် ကမ္ဘာ့ပထမဆုံး တိုင်းပြည်ဖြစ်လာတော့မှာပါပဲ။

ဒီအစီအစဉ်ကို လာမယ့် နွေရာသီမှ စတင်အကောင်အထည်ဖော်တော့မှာ ဖြစ်ပြီး Xavier Bettel ကဦးဆောင်တဲ့ ရွေးကောက်ပွဲမှာ တင်မြောက်ထားတဲ့ သူတို့နိုင်ငံက စုပေါင်း အစိုးရက စီစဉ်ခဲ့တာပါ။ ဒါကို သူတို့နိုင်ငံက ဝန်ကြီးချုပ်ကလည်း သဘောတူထားပြီးဖြစ်ပါတယ်။

ဒီလိုစီစဉ်လိုက်တဲ့အတွက် သူတို့နိုင်ငံမှာ ပုဂ္ဂလိက ယာဉ်တွေအများအပြားရှိတာကို လျော့ချနိုင်ဖို့အပြင် ကြီးမားတဲ့ ယာဉ်ကြောပိတ်ဆို့မှုတွေကိုလည်း လျော့နည်းသွားစေဖို့ ရည်ရွယ်ထားတာပါ။ လူဇင်ဘတ်နိုင်ငံမှာက ယာဉ်ကြောပိတ်ဆို့မှုကို အပြင်းအထန် ခံစားနေရတယ်လို့ ဆိုရမှာပါပဲ။ လေ့လာချက်တွေအရ ၂၀၁၆ ခုနှစ်အတွင်းမှာတင် မြို့တော်က ဒါရိုက်ဘာတွေက ယာဉ်ကြော ပိတ်ဆို့မှုကြောင့် နာရီပေါင်း ၃၃ နာရီလောက်အချိန်ကုန်ခဲ့ရတယ်လို့ ဆိုပါတယ်။

သူတို့နိုင်ငံကတော့ ဒီအစီအစဉ်ကို အပြည့်အဝအကောင်ထည်ဖော်သွားမှာပါ။ ရထားတွေမှာတော့ ပထမတန်း၊ ဒုတိယတန်းဆိုပြီး ဆုံးဖြတ်ထားခြင်းတော့ မရှိသေးပါဘူး။ သူတို့အနေနဲ့ ဒီလိုမျိုး အစီအစဉ်ကို အကောင်အထည်ဖော်ပြီးတဲ့ အချိန်မှာ စဉ်းစားရမယ့် အကြောင်းအရာတခုကတော့ အိမ်ခြေမဲ့တွေပဲ ဖြစ်ပါတယ်။ ပြည်သူလူထုအတွက် အဆင်ပြေအောင် စီစဉ်ထားတာဖြစ်သော်လည်း အိမ်ခြေမဲ့တွေအနေနဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ လမ်းတွေပေါ်မှာထက် ရထားတွေပေါ်မှာ အမှီပြုနေထိုင်နိုင်ပါတယ်။ ဒါကတော့ သူတို့အတွက် စဉ်းစားရမယ့် အချက်ပါပဲ။

တချို့သော မြို့ကြီးတွေမှာလည်း ယာဉ်ကြောပိတ်ဆို့မှုကို လျော့ချနိုင်ဖို့အတွက် အခမဲ့ပို့ဆောင်ရေးတွေ ရှိပါတယ်။ အမေရိကန်နိုင်ငံမှာရှိတဲ့ တချို့မြို့တွေမှာ အခမဲ့ ဘတ်စ်ကားတွေ ရှိတာကို တွေ့ရပါတယ်။ ဒါပေမယ့်လည်း တခြားနိုင်ငံတွေမှာတော့ တနိုင်ငံလုံး သယ်ယူပို့ဆောင်ရေး အခမဲ့ဆိုတာ မရှိပါဘူး။ တကမ္ဘာလုံးမှာတော့ လူဇင်ဘတ်နိုင်ငံက တနိုင်ငံလုံး သယ်ယူပို့ဆောင်ခ အခမဲ့နဲ့သွားလာနိုင်တော့မယ့် ပထမဆုံးနိုင်ငံ ဖြစ်လာမှာပါ။