2018 အတွင်းမြန်မာ့ဆယ်လီတွေကြားဖြစ်ခဲ့သော အမှုအခင်းများ

0
77

အသက်တစ်ရာမနေရ အမှုတစ်ရာကြုံရဆိုတဲ့အတိုင်းပဲ ဆယ်လီတွေဟာလည်း သာမန်လူတွေပဲဖြစ်တဲ့အလျောက် အမှုအခင်းတွေကြုံရဆုံရတာတွေလည်းရှိပါတယ်။ ဒါပေမယ့် သူတို့က နာမည်ကြီးသူတွေဆိုတော့ သူတို့ရဲ့အမှုတွေကပါ ပိုပြီးနာမည်ကြီးသွားတော့တာပါပဲ။ အချို့ကတော့ အမှုဖြစ်ပြီးမှပိုလို့နာမည်ကြီးလာတယ်ဆိုရမှာပေါ့။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဗဟုသုတရစေစိမ့်သောငှာ 2018 အတွင်း ဆယ်လီတွေကြားဖြစ်ခဲ့တဲ့ အမှုအခင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

အောင်ရဲထွေး

အောင်ရဲထွေးရဲ့အမှုကတော့ တစ်နိုင်ငံလုံးကပရိသတ်တွေ သွေးမျက်ရည်ကျခဲ့ရတဲ့အမှုဆိုရင်လည်းမမှားပါဘူး။ ရုပ်ရှင်တွေစရိုက်နေပြီဖြစ်တဲ့ အညွှန့်တလူလူနဲ့အောင်ရဲထွေးဟာ မြန်မာတစ်နိုင်ငံလုံးကပရိသတ်တွေရင်ထဲမှာ ဆူးတစ်ချောင်းစိုက်ဝင်ခဲ့ရတဲ့ဖြစ်ရပ်ဖြစ်သလို တရားဥပဒေစိုးမိုးရေးကိုမေးခွန်းထုတ်ချင်စရာ၊ဥပဒေရဲ့အထက်မှာမမြင်ရတဲ့တစ်စုံတစ်ရာများ ခိုးကြောင်ခိုးဝှက်တွယ်ငြိနေလေရော့သလားလို့ လည်တမော့မော့နဲ့ သင်္ကာမကင်းဖြစ်ချင်စရာတစ်ခုလည်းဖြစ်ခဲ့ရပါတယ်။ အခုလက်ရှိမှာတော့အောင်ရဲထွေးအမှုရဲ့တရားခံတွေကို တစ်ခါလွှတ်ပေးလိုက်ပြီး လူထုက ဆူညံစွာတောင်းဆိုကြလို့ ပြန်ဖမ်းကာ အမှုစစ်ဆေးနေခဲ့တာဟာ တစ်နှစ်ပတ်လည်လို့ အောင်ရဲထွေးသေဆုံးသွားခဲ့တဲ့ New Year ချိန်ခါကိုပြန်ရောက်လာခဲ့ပါပြီ။

သီဟတင်စိုး

သီဟတင်စိုးနဲ့ခင်မာမြင့်ရဲ့အမှုကလည်း ပရိသတ်ကိုလှုပ်လှုပ်ရှားရှားဖြစ်စေခဲ့တဲ့အမှုတွေထဲမှာတစ်ခုအပါအဝင်ပါ။ ဗီဒီယိုတွေတိုင်းမှာ ဂျပန်တွေကိုရွပ်ရွပ်ချွံချွံတော်လှန်ခဲ့တဲ့ မြန်မာတို့ရဲ့တော်လှန်ရေးခေါင်းဆောင်ကြီး သီဟတင်စိုးတော့ ကျရှုံးသွားပြီထင်ပါတယ်လို့ ပရိသတ်တွေက ဝမ်းပမ်းတနည်းရေးသားနေခဲ့ကြပေမယ့် တကယ်တမ်းမှာ မတော်မတရားပြုပါတယ်ဆိုပြီး တရားစွဲခဲ့တဲ့ ခင်မာမြင့်ကိုယ်တိုင်က နောက်ပိုင်းမှာ လီဆယ်တိုင်ကြားမိပါတယ်လို့ဝန်ခံလာတဲ့အတွက် တော်လှန်ရေးခေါင်းဆောင်ကြီးဟာ အမှန်တရားကိုသက်သေပြခွင့်ရခဲ့ပြီးလွတ်မြောက်လာခဲ့ပါတယ်။ ဒါပေမယ့်လည်း သီဟတင်စိုးက ဒီဖြစ်ရပ်မှာ သူ့ကိုအမှန်တကယ်ယုံကြည်တဲ့ ပရိသတ်တွေမိတ်ဆွေတွေကိုတွေ့လိုက်ရတဲ့အတွက်အမြတ်ထွက်သွားတယ်လို့ဆိုနိုင်ပါတယ်။

အစ္စဏီ

သီဟတင်စိုးထက်အရင် တရားစွဲဆိုခံရ အမှုရင်ဆိုင်နေရပြီး သီဟတင်စိုးပြီးသွားတာတောင် မပြီးသေးသူကတော့ အစ္စဏီပါပဲ။ အစ္စဏီဟာ သူ့အရင်ကချစ်သူ မော်ဒယ်စူးရှထက်က သူမကို မတော်မတရားလည်းပြုကျင့်သေးတဲ့အပြင် ကိုယ်ထိလက်ရောက်ပါစော်ကားပါတယ်လို့ တိုင်ကြားစွဲဆိုခဲ့တာပါ။ ဒါပေမယ့် တရားခွင်မှာစစ်ဆေးကြတဲ့အခါ မှုခင်းဆရာဝန်ကတော့ သုတ်ပိုးမတွေ့ဘူးလို့ထွက်ဆိုထားပါတယ်။ ဒါပေမယ့်လည်း မူခင်းဆရာဝန်ကိုစစ်တဲ့ကိစ္စသာပြီးသေးပြီးကျန်တာတွေမပြီးသေးတာကြောင့် အမိန့်ချမှတ်လို့လည်းမရသေးပဲ ရုံးချိန်းတွေဆက်ကာဆက်ကာသာ နေနေရဆဲဖြစ်တာ တစ်နှစ်တောင်ပြည့်ပါတော့မယ်။အဲဒီအချိန်မှာတရားစွဲဆိုထားသူ တရားလို စူးရှထက်ကတော့ အလှအပတွေပြင် ခန္ဓာကိုယ်ကိုခွဲစိတ်နဲ့ သာယာပျော်ရွှင်လွပ်လပ်တဲ့ဘဝမှာခံစားစံစားလို့နေနေတာ တစ်နိုင်ငံလုံးအမြင်ပါပဲ။

စိုးမြတ်နန္ဒာ

စိုးမြတ်နန္ဒာကတော့ အမှုအခင်းတွေမဖြစ်လိုက်ဘူးလို့တောင်ပြောနိုင်ပါတယ်။ သတင်းစာထဲမှာ စိုးသူနဲ့စိုးမြတ်နန္ဒာနဲ့ကို ဦးကျော်ကျော်ထွန်းဆိုသူက ငွေကျပ်သိန်းခုနစ်ရာကျော်ချေးပေးထားခဲ့ပြီး ပြန်မဆပ်လို့ တရားစွဲဆိုသွားတော့မှာဖြစ်ကြောင်း သတိပေးစာကို သတင်းစာထဲထည့်လိုက်တာဖြစ်ပါတယ်။ ဒါပေမယ့် စိုးမြတ်နန္ဒာက စိုးသူနဲ့ ဦးကျော်ကျော်ထွန်းရဲ့ငွေပေးငွေယူကိစ္စကိုဘာမှမသိကြောင်းနဲ့အဲဒီလိုမသိတာကိုလည်း ဦးကျော်ကျော်ထွန်းက သိရဲ့နဲ့ စိုးမြတ်နန္ဒာနာမည်ကိုပါ သတင်းစာထဲထည့်တဲ့အတွက် ဂုဏ်သိက္ခာကျဆင်းစေမှုနဲ့ ငွေကျပ် သိန်း(၁၅၀၀၀) ကို လျော်ကြေးပေးဖို့နဲ့ မပေးရင်တည်ဆဲဥပဒေတွေအရ တရားစွဲဆိုတော့မှာဖြစ်တယ်လို့ သတင်းစာထဲမှာပြန်လှန်ထည့်သွင်းထားခဲ့တာပါ။ နောက်ပိုင်းမှာတော့ အဲဒီအမှုကိစ္စဘယ်လိုဖြစ်သွားတယ်ဆိုတာ အကျယ်တဝင့်မကြားသိရတော့ပဲပြီးဆုံးသွားခဲ့ပါတယ်။

မိုက်တီး

ဒါရိုက်တာမိုက်တီးရဲ့အဖြစ်ဟာလည်း ပရိသတ်တော်တော်များများကိုနာကျင်စေခဲ့ပါတယ်။ ရုပ်ရှင်ဇာတ်ကားကောင်းတွေအများကြီးရိုက်ကူးထားခဲ့ပြီး အရည်အချင်းရှိမင်းသားမင်းသမီးပေါင်းမြောက်များစွာကို မွေးထုတ်ပေးခဲ့တဲ့ ဒါရိုက်တာမိုက်တီးဟာ လျှပ်တပြက်စစ်ဆေးခြင်းကိုခံခဲ့ရပြီး မျက်မှန်ဘူးထဲက ဆေးပြားတွေတွေ့ကာ အဖမ်းခံခဲ့ရတာပါ။ ဒါရိုက်တာမိုက်တီးရဲ့အမှုကိုလည်း စစ်ဆေးဆဲဖြစ်ပြီး အမိန့်ချမှတ်ခြင်းမရှိသေးပါဘူး။

မိုးအောင်ရင်

2018 ရဲ့ နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဆိုသလို နောက်ဆုံးလမှာမှ အမိန့်ချမှတ်ခံရပြီး နှစ်အများဆုံးချမှတ်ခံလိုက်ရတာကတော့ ပြည်သူချစ်မင်းသား မိုးအောင်ရင်ပဲဖြစ်ပါတယ်။ မိုးအောင်ရင်ရဲ့အဖြစ်ဟာ ပရိသတ်တော်တော်များများကို စိတ်မကောင်းဖြစ်စေခဲ့ပြီး စိတ်ဒဏ်ရာရစေခဲ့တဲ့အမှုလည်းဖြစ်ပါတယ်။ မိုးအောင်ရင်ဟာလည်း ဆေးမှုနဲ့အဖမ်းခံခဲ့ရပြီး ဆေးမှုအပြင် အခြားသူတွေကိုပါ ဆေးသုံးစွဲစေမှုလည်းပါဝင်ခဲ့ကာ စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်ချမှတ်ခံခဲ့ရပါတယ်။ မိုးအောင်ရင်အတွက်အနုပညာမောင်နှမတွေအားလုံးက စိတ်မကောင်းဖြစ်ပြီးအားပေးစကားတွေလည်းပြောကြားခဲ့ကြပါသေးတယ်။ ဒါပေမယ့် သူရဲ့အညွန့်တလူလူနဲ့ဘဝကတော့ သွားပြီလို့ ကြေကွဲစွာနဲ့ပဲပြောရတော့မှာပါပဲ။

အခုပြောပြသွားတာတွေကတော့ 2018 အတွင်း ဟိုးလေးတကျော်ဖြစ်သွားခဲ့တဲ့ အနုပညာရှင်တွေရဲ့ အမှုအခင်းတွေပဲဖြစ်ပါတယ်။ ဒီထဲမှာမပါတဲ့ အမှုအခင်းတွေရှိရင်လည်း Comment မှာပြောပြခဲ့ကြပါဦး။

Can’t Wait To Say