2019 မှာ ချစ်သူတွေဖြစ်သွားကြတဲ့ ကမ္ဘာကျော်စုံတွဲအသစ်ကျပ်ချွတ်များ

2019 ဟာအချို့သူတွေအတွက် ကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်သလိုအချို့အတွက်တော့ သိပ်ပြီးသဘောတွေ့စရာကောင်းလှတဲ့နှစ်တစ်နှစ်မဟုတ်ပါဘူး။ ဒါ့အပြင် 2019 မှာအချို့တွေအသည်းကွဲခဲ့ရသလိုအချို့တွေကတော့ ချစ်သူနဲ့တစ်ဘဝလုံးအတူနေရဖို့ခြေလှမ်းစနိုင်ခဲ့တဲ့နှစ်တစ်နှစ်ဖြစ်ခဲ့ပါတယ်။ 2019 မှာမှ မျက်စိလည်လမ်းမှားနေရတဲ့ချစ်ခြင်းမေတ္တာကို ရှာဖွေတွေ့ရှိခဲ့တဲ့သူတွေလည်းရှိနေပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် 2019 မှာချစ်သူတွေဖြစ်သွားကြတဲ့ ကမ္ဘာကျော်စုံတွဲအသစ်ကျပ်ချွတ်တွေကိုဖော်ပြပေးလိုက်ပါတယ်။

Dua Lipa နဲ့ Anwar Hadid



ပရိသတ်တွေအရမ်းအားပေးကြတဲ့ အဆိုတော်မလေး Dua Lipa နဲ့ Anwar Hadid တို့ဟာ တစ်ယောက်နဲ့တစ်ယောက်သိပ်ချစ်ကြတဲ့ စုံတွဲလေးဖြစ်ပြီး သူတို့ရဲ့ Dating News က 2019 July 10 ရက်နေ့မှာစတင်ထွက်ပေါ်လာခဲ့တာပါ။ Anwar က Bella နဲ့ Gigi Hadid တို့ရဲ့ မောင်ဖြစ်ပြီး အနုပညာလောကမှာလည်းနေရာတစ်ခုရထားသူတစ်ဦးပါ။ Anwar နဲ့ Dua Lipa စုံတွဲလေးကိုပရိသတ်တွေကရော အနုပညာရပ်ဝန်းကပါ ဝိုင်းပြီးသဘောတူနေကြတာလည်းဖြစ်ပါတယ်။

Zac Efron နဲ့ Sarah Bro




မင်းသားကြီး Zac Efron ကတော့ ပရိသတ်ကောင်မလေးတွေရဲ့နှလုံးသားကိုသိမ်းပိုက်ထားသူတစ်ဦးဖြစ်သလို မျက်ဝန်းပြာတွေနဲ့ကမ္ဘာ့အချောဆုံးထိပ်တန်းမင်းသားတွေထဲမှာတစ်ဦးအပါအဝင်လည်းဖြစ်ပါတယ်။ Zac Efron ဟာ အိုလံပစ်အားကစားမယ် Sarah Bro နဲ့ ချစ်သူတွေဖြစ်နေပြီလို့သတင်းထွက်နေပြီး 2019 March လလောက်က စပြီးတွဲနေခဲ့ကြတာလို့လည်းသိရပါတယ်။ ဒီသတင်းကလည်း ကမ္ဘာတစ်ဝှမ်းက ပရိသတ်ကောင်မလေးတွေကို အသည်းကွဲစေခဲ့တဲ့ သတင်းတစ်ပုဒ်လို့ဆိုနိုင်ပါတယ်။

Shawn Mendes နဲ့ Camilla Cabello



ဒီစုံတွဲလေးကိုတော့ လူတွေတော်တော်များများသိပြီးဖြစ်ကြမှာပါ။ Shawn Mendes နဲ့ Camilla ဟာ အရင်ကတည်းက အရမ်းကိုရင်းနှီးကြတဲ့သူငယ်ချင်းတွေဖြစ်ပြီး Shawn ရဲ့ အချစ်ရေးတွေကို Camilla က အမြဲတမ်းနားထောင်ပေးပြီး အကြံပေးတဲ့သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ အဲဒီနောက်မှာတော့ သူတို့နှစ်ယောက်အတူတူဖန်တီးထားတဲ့ Senorita သီချင်းထွက်လာပြီးနောက်မှာ နှစ်ယောက်သားက ချစ်သူတွေဖြစ်နေကြပြီလို့ဝန်ခံလိုက်ကြတာပါ။ သူတို့စုံတွဲလေးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေဝိုင်းသဘောတူကြပြီး ဝိုင်းချစ်တာခံရတဲ့ 2019 ရဲ့ hot အဖြစ်ဆုံး စုံတွဲလေးဖြစ်လာခဲ့ပါတယ်။

Ashley Benson နဲ့ Cara Delevingne

မော်ဒယ်သရုပ်ဆောင်ချောချောလှလှလေးနှစ်ဦးဖြစ်တဲ့ Ashley Benson နဲ့ Cara Delevingne ဆိုတဲ့ မိန်းမချောနှစ်ဦးရဲ့အချစ်ရေးကလည်း ပရိသတ်အာရုံစိုက်စရာဖြစ်လာခဲ့ပါတယ်။ သူတို့နှစ်ဦးဟာ May 2019 မှာ စတင်တွဲခဲ့ကြပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ထောက်ခံအားပေးမှုကိုရခဲ့ကြတာပါ။ သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်နားလည်မှုရှိပြီးသိပ်ချစ်ကြတဲ့စုံတွဲလေးဖြစ်လို့ပရိသတ်တွေက မြန်မြန်လက်ထပ်စေချင်နေကြတာလည်းဖြစ်ပါတယ်။ July 2019 မှာတော့ သူတို့နှစ်ယောက် စေ့စပ်လိုက်ကြပြီဆိုတဲ့ သတင်းတွေလည်းထွက်လာခဲ့ပါသေးတယ်။

Miley Cyrus နဲ့ Kaitlynn Carter

ခင်ပွန်းတွေနဲ့အသီးသီးကွာရှင်းပြီး အစစ်ကောင်တွေကိုပလစ်ပြီးအချင်းချင်းတွဲလိုက်ကြတဲ့ Miley နဲ့ Kaitlynn တို့ရဲ့အချစ်ရေးကလည်း တစ်ကမ္ဘာလုံးက ပရိသတ်တွေကိုတအံ့တသြဖြစ်သွားစေခဲ့တာပါ။ Miley က ခင်ပွန်းဖြစ်သူ Liam နဲ့ လမ်းခွဲပြီးတစ်ပတ်၊ Kaitlynn က ခင်ပွန်းဖြစ်သူနဲ့ လမ်းခွဲပြီးနှစ်ပတ်အကြာမှာ သူတို့နှစ်ဦးဟာ ချစ်သူတွေအဖြစ်ကြေငြာခဲ့ကြပြီး Liam က ချက်ချင်းပဲ Miley ကို ကွာရှင်းခွင့်တောင်းသွားခဲ့ပါတယ်။ ဒါပေမယ့် သူတို့စုံတွဲလေးဟာ တစ်လပဲတွဲပြီးအခုတော့ လမ်းခွဲလိုက်ပြီလို့လည်းသိရပါတယ်။

အခုပြောပြသွားတာတွေကတော့ 2019 ရဲ့ ချစ်သူစုံတွဲအသစ်ကျပ်ချွတ်လေးတွေပါ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော ဒီထဲက ဘယ်စုံတွဲလေးကိုအချစ်ဆုံးလဲ။ သူတို့တွေနှစ်ရှည်လများမြဲနိုင်မယ်လို့ရောထင်ကြလား။ပြောခဲ့ကြပါဦး။

Unicode











