အသည်းနစ်အောင် ချစ်ခင်ရတဲ့ အသင်းရှုံးပေမယ့် ပျော်ခဲ့ကြတဲ့ ပရိသတ်များ

0
132

ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးရဲ့ ပွဲစဉ်တစ်ပွဲချင်းစီတိုင်းဟာ ပရိသတ်တွေနှစ်သက်သလို တကယ့်ကို စိတ်လှုပ်ရှားစရာအတိပါပဲ။ အသင်းတစ်သင်းစီတိုင်းမှာ ရေကုန်ရေခမ်းအားပေးကြတဲ့ ပရိသတ်တွေလည်း ကွင်းပြည့်ကွင်းလျှံပါပဲ။ ဒါပေမယ့် ဒီနေ့မနက်အစောပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မန်ချက်စတာစီးတီးအသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ပွဲစဉ်မှာ အဲဗာတန်အသင်းရဲ့ ပရိသတ်များဟာ အသင်းရှုံးနိမ့်ခဲ့ပေမယ့် ပျော်ရွှင်စွာပဲ အောင်ပွဲခံခဲ့ကြပါတယ်။

အောင်ပွဲခံရတဲ့ အကြောင်းအရင်းက တစ်မြို့ထဲသား ဒါဘီပြိုင်ဖက်တွေဖြစ်တဲ့ လီဗာပူးအသင်းကို မန်ချက်စတာစီးတီးအသင်းမှာ အမှတ်တူဂိုးကွာခြားချက်ဖြင့် ကျော်ဖြတ်ကာ ဇယားထိပ်မှာ ရပ်တည်နိုင်တာကြောင့် ဖြစ်ပါတယ်။ အဲဗာတန်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် မန်ချက်စတာစီးတီးအသင်းဟာ တစ်ပွဲလျော့အနေအထားဖြင့် ရမှတ် ၆၂ မှတ်ဖြင့် ပရီးမီးယားလိဂ်ဇယားကို ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ခါသီးတဲ့ ဒါဘီပြိုင်ဖက်တွေဖြစ်ကြတဲ့ အဲဗာတန်အသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ တွေ့ဆုံမှုတွေသာမကပဲ ပရိသတ်တွေကြား ပြိုင်ဆိုင်မှုတွေဟာလည်း ပြင်းထန်လှပါတယ်။ ဒါကြောင့် အဲဗာတန်ပရိသတ်တွေဟာ အသင်းရဲ့အနိုင်ရလဒ်ထက် ပြိုင်ဖက်အသင်းရဲ့ ကျရှုံးမှုကို ပိုမိုလိုလားတာကြောင့် မန်ချက်စတာစီးတီးနဲ့ တွေ့ဆုံတဲ့ပွဲကို အရှုံးရလဒ်သာ ရယူလိုကြောင်း အစောပိုင်းထဲက သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ယခုနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းမှ ပုံစံကောင်းများ ပြသထားပြီး လက်ရှိ ပွဲစဉ်၂၅ပွဲကစားပြီးချိန်တွင် ရမှတ် ၆၂မှတ်ဖြင့် အဆင့် ၂နေရာမှ ရပ်တည်နေခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လာမည့် ပွဲစဉ် ၂၆မှာ အနီးစပ်ဆုံးပြိုင်ဖက် မန်ချက်စတာစီးတီးအသင်းရဲ့ ပွဲကျပ်အပေါ်အခွင့်ကောင်းယူပြီး အမှတ်ဖြတ်ဖို့ အခွင့်အရေးကောင်းတွေရှိနေပြီဖြစ်ပါတယ်။ ဒါပေမယ့်ဒီနေ့မှာတော့ အဲဗာတန်အသင်းရဲ့ ပရိသတ်တွေအတွက် အသင်းရှုံးပေမယ့် ပြိုင်ဖက်ကို ဇယားထိပ်ကနေ ဖြုတ်ချခွင့်ရခဲ့တာကြောင့် အောင်ပွဲခံရမယ့် နေ့တနေ့အဖြစ် ရှိမှာတော့ အသေအချာပါပဲခင်ဗျာ။
Tonight Football Report