Brad Pitt ရဲ့အကောင်းဆုံးထိပ်သီးရုပ်ရှင် (၅) ကား

0
103

လွန်ခဲ့တဲ့နှစ်ပေါင်းနှစ်ဆယ်လောက်ကတည်းက ကမ္ဘာ့ရုပ်ရှင်လောကမှာနာမည်ရစပြုလာပြီး တစ်ရှိန်ထိုးအောင်မြင်လာခဲ့တဲ့ Brad Pitt ဆိုတဲ့ မင်းသားချောကို တော်တော်များများသိကြမှာပါ။ ချိုမြိန်နွေးထွေးတဲ့အပြုံး၊ သရုပ်ဆောင်ပညာမှာ ကျွမ်းကျင်ပိုင်နိုင်မှုနဲ့ မဆုတ်မနစ်ကြိုးစားမှုတွေကြောင့် Hollywood ထိပ်တန်းမင်းသားဖြစ်လာခဲ့တဲ့ Brad Pitt ဟာ တစ်ကမ္ဘာလုံးက မိန်းကလေးတွေ စွဲလန်းပြီး ယောက်ျားလေးတွေရဲ့ကြိုက်နှစ်သက်ခြင်းခံရတဲ့ သရုပ်ဆောင်တစ်ဦးလည်းဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် Brad Pitt ပါဝင်သရုပ်ဆောင်ထားတဲ့ အကောင်းဆုံးရုပ်ရှင် (၅) ကားကိုဖော်ပြပေးလိုက်ပါတယ်။

Fight Club

Brad Pitt အကြောင်းပြောရင်ချန်ထားလို့မရတဲ့ ရုပ်ရှင်တွေထဲမှာ Fight Club က ထိပ်ဆုံးကပါဝင်ပါတယ်။ Fight Club ဟာ 1999 ခုနှစ်မှာရိုက်ထားတဲ့ ရုပ်ရှင်ဖြစ်တာကြောင့် လွန်ခဲ့တဲ့အနှစ်နှစ်ဆယ်ခန့်ကရိုက်ထားတာပါ။ အသက်သုံးဆယ်ဝန်းကျင်အရွယ်နုနယ်ငယ်ရွယ်တဲ့ Brad Pitt လေးကို Fight Club ထဲမှာတွေ့ရပါမယ်။ Fight Club ဟာ Brad Pitt ရဲ့အောင်မြင်မှုကို လောင်စာထည့်ပေးလိုက်တဲ့ ဇာတ်ကားတစ်ကားလို့လည်းဆိုနိုင်ပါတယ်။ Fight Club ထဲမှာ Brad Pitt က နာမည်ကြီးမင်းသား Edward Norton နဲ့ တွဲဖက်သရုပ်ဆောင်ရပါတယ်။ ရုပ်ရှင်ထဲမှာ Edward Norton က စိတ်ဓာတ်အကြီးအကျယ်ကျနေစဉ်မှာ Brad Pitt နဲ့ တွေ့ပါတယ်။ သူတို့နှစ်ဦးပေါင်းပြီး Fight Club ကိုတည်ထောင်ခဲ့ပါတယ်။ ဒါရိုက်တာကတော့ David Fincher ဖြစ်ပြီး ဇာတ်ကားကနေ ဝင်ငွေ ဒေါ်လာသန်းတစ်ရာခန့်ရှိခဲ့ပါတယ်။

Se7en

Seven ပါ။ Se7en လို့ရေးထားတဲ့ Seven ကားဟာ စုံထောက်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်ကားထဲမှာ  Brad Pitt က ပင်စင်ယူရတော့မယ့် စုံထောက်ကြီး Morgan Freeman နဲ့အတူ ကွင်းဆက်လူသတ်သမားကိုဖော်ထုတ်ဖမ်းဆီးရတဲ့ဇာတ်ကြောင်းမျိုးဖြစ်ပါတယ်။ ကွင်းဆက်လူသတ်သမားက သူ့စိတ်ထဲမှာ အပြစ်ကြီးခုနစ်ပါးထဲကတစ်ပါးပါးကိုချိုးဖောက်တယ်လို့ယုံကြည်တဲ့ လူတွေကိုလိုက်သတ်နေတာပါ။ဒီဇာတ်ကားဟာ 1995 မှာထွက်ရှိခဲ့ပြီး ဇာတ်ကားထဲမှာ Brad Pitt ကအတော်ငယ်သေးတာကိုတွေ့ရမှာပါ။ ဒီဇာတ်ကားက စုံစမ်းထောက်လှမ်းမှုတွေ၊ပဟေဠိတွေနဲ့ ဒရာမာတွေရောထွေးထားတဲ့ ရင်နင့်စရာဇာတ်လမ်းမျိုးလည်းဖြစ်ပါတယ်။

Troy

Troy ကတော့ နာမည်နဲ့လိုက်အောင်ကို ရှေးခေတ်ကကားမျိုးဖြစ်ပါတယ်။ Troy မှာရှေးခေတ်က ဂရိ၊စပါတန်နဲ့ ထရွိုင်မင်းဧကရာဇ်တွေအချင်းချင်းတိုက်ခိုက်တဲ့စစ်ပွဲတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားက အနောက်နိုင်ငံတွေရဲ့သမိုင်းကြောင်းကိုထင်ဟပ်ပြီး လူနေမှုဘဝတွေ၊ဘုရင်တွေရဲ့ မျက်မာန်ဒေါသတွေ၊ရုန်းကန်ရခြင်းတွေကိုပါပြန်ပြောင်းပြောပြပါတယ်။ Troy ကို 2004 ခုနှစ်မှာရုံတင်ပြသခဲ့ပါတယ်။ လူတိုင်းကြိုက်မယ့်ကားမျိုးမဟုတ်တာတောင်မှပဲ ရိုက်ကူးစားရိတ်ဒေါ်လာ 185 သန်းအရင်းတည်ပြီး အမြတ် ဒေါ်လာ 497 သန်းဝင်ခဲ့တဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါသေးတယ်။

Mr. & Mrs. Smith

ဒီရုပ်ရှင်ကတော့ Brad Pitt ရဲ့ဘဝတစ်ခုလုံးကိုအလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။ Mr. & Mrs. Smith ဟာ လျို့ဝှက်ချက်ကိုယ်စီနဲ့ ဇနီးမောင်နှံနှစ်ဦးပါ။ သူတို့နှစ်ဦးက ဆန့်ကျင်ဘက် ဂိုဏ်းတွေကိုယ်စီက သူလျိုတွေဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက်လျို့ဝှက်စွာနဲ့ အသေသတ်ဖို့ချောင်းမြောင်းကြံစည်နေကြသူတွေလည်းဖြစ်နေပါတယ်။ ဒီဇာတ်ကားမှာ Brad Pitt က Angelina Jolie နဲ့ စတင်တွေ့ဆုံခဲ့ပြီးဒီဇာတ်ကားရိုက်ရင်းနဲ့ပဲချစ်ကြိုက်သွားကြကာ ကလေးခြောက်ယောက်မွေးပြီးတဲ့အထိ လက်ထပ်နေထိုင်ဖြစ်သွားကြတာမို့ ဒီဇာတ်ကားက Brad Pitt ရဲ့ဘဝအတွက်အထင်ကရဇာတ်ကားတစ်ကားလည်းဖြစ်နေခဲ့ပါတယ်။

By the Sea

By the Sea ဇာတ်ကားကတော့ Drama ချည်းပဲတစ်လိုင်းလို့ကိုဆိုရမှာပါ။ဇာတ်ကားထဲမှာ လက်ထပ်ပြီးခါစဇနီးမောင်နှံနှစ်ဦးရဲ့ အိမ်ထောင်ရေးအဆင်မပြေပုံတွေ၊ငိုကြွေးရပုံတွေ၊တစ်ယောက်နဲ့တစ်ယောက်နားလည်ပေးရမှုတွေ၊ညှိယူရခြင်းတွေနဲ့ စိတ်နှစ်ခွနဲ့လွန်ဆွဲရပုံတွေကို မြင်တွေ့ရမှာပါ။ ဒီဇာတ်ကားရိုက်နေစဉ်မှာ Brad Pitt နဲ့ Jolie ဟာ လက်ထပ်ပြီးတာနှစ်အတန်ကြာပြီး ဇာတ်ကားထဲကလို အခက်အခဲတွေကိုအပြင်လောကမှာအမှန်တကယ်ရင်ဆိုင်နေရချိန်ပါ။ ဒီဇာတ်ကားကို 2015 မှာရုံတင်ခဲ့ပါတယ်။ ရုံတင်ပြီးနောက်တစ်နှစ်မှာပဲ နှစ်ပေါင်းများစွာလက်တွဲလာခဲ့တဲ့ Brad Pitt နဲ့ Jolie ဟာ လမ်းခွဲခဲ့ကြပါတယ်။ By the Sea ဟာ  သူတို့နှစ်ဦးနောက်ဆုံးအကြိမ်အတူတူရိုက်ကူးသရုပ်ဆောင်ခဲ့တဲ့ ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။

အခုပြောပြသွားတာကတော့ Brad Pitt ရဲ့ စွဲလန်းနှစ်သက်ဖွယ်အကောင်းဆုံးထိပ်သီးရုပ်ရှင် (၅) ကားပဲဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးထဲမှာရော Brad Pitt ကို အားပေးတဲ့ ပရိသတ်တွေရှိလား။ Brad Pitt ကြီးရဲ့ အသစ်ထွက်ရှိလာမယ့်ရုပ်ရှင်ကားတွေကိုလည်းအတူတူအားပေးကြမယ်နော်။

Can’t Wait To Say

Unicode


Fight Club


Se7en


Troy


Mr. & Mrs. Smith


By the Sea



Can’t Wait To Say