Facebook လုံးဝမသုံးတော့ဘူးဆိုတဲ့ ရဲရင့်အောင်

0
97

ရဲရင့်အောင်ဟာ လွန်ခဲ့တဲ့ ရှစ်နှစ်လောက်ကတည်းက ငါ့နေရာ ဆိုတဲ့သီချင်းကလေးနဲ့ ဟိုဒီပြေးလို့ကနေတဲ့ ပိန်ပိန်ရှည်ရှည်အဆိုတော်ကောင်လေးအဖြစ် ပရိသတ်တွေရင်ထဲမှာအမြစ်တွယ်လာခဲ့တာပါ။ အဲဒီအဆိုတော်ကောင်လေးဟာသီချင်းကောင်းတွေအများကြီးဆိုပြီးနေရာတစ်ခုရလာခဲ့တဲ့အပြင် ပရိသတ်ကို မတူတဲ့အနုပညာတစ်ခုချပြချင်တဲ့စိတ်နဲ့ သရုပ်ဆောင်အလုပ်ကိုပါကြိုးစားလုပ်ဆောင်လာခဲ့ပြီး “ငါ့ကိုနမ်းတဲ့မုန်တိုင်း”ကားကြီးနဲ့ ပရိသတ်တွေရဲ့အကယ်ဒမီတစ်ကြိုပေးခြင်းကိုပါခံခဲ့ရပါသေးတယ်။ ရဲရင့်အောင်က မီဒီယာတွေနဲ့အင်တာဗျူးမှာ လက်ရှိအနုပညာလှုပ်ရှားမှုတွေအကြောင်းနဲ့ အချစ်ရေးအကြောင်းတွေကိုဖြေကြားသွားခဲ့ပါတယ်။

ရဲရင့်အောင်က လက်ရှိရိုက်နေတဲ့ ဂျင်ပါတီ ဆိုတဲ့ ရုပ်ရှင်ကားကြီးထဲက ကာရိုက်တာနဲ့ပတ်သက်ပြီး “အခုဒီကားထဲမှာလုပ်ရမယ့်ပုံစံလောက်အထိ ဟာသကိုကျွန်တော်တစ်ခါမှမလုပ်ခဲ့ဖူးဘူးပေါ့နော်။ ကျွန်တော်က အပြင်မှာလည်းပျော်ပျော်နေတယ်။ ဟာသတွေပေါက်ကရတွေမရပ်မနားပြောနေတော့ အကယ်၍ဟာသသာငါရိုက်ရမယ်ဆိုရင်ငါ့အတွက်ပေါ့ပါးမယ်ထင်တယ်ပေါ့နော်။ဒါပေမယ့်မဟုတ်ဘူးဗျ။ ကျွန်တော်ဘယ်လိုလုပ်ရမလဲဆိုတာချိန်ရတာ အရမ်းခက်တယ်”လို့ အေးအေးချမ်းချမ်းလေးပြောပြသွားပါတယ်။

ဘဝရဲ့အမှတ်တရတွေအတွေးစတွေအကြောင်းကို ခန္ဓာကိုယ်မှာတက်တူးတွေထိုးထားတတ်တဲ့ ရဲရင့်အောင်က ဒီရုပ်ရှင်ကားကြီးအတွက်ရောတက်တူးထိုးဦးမှာလားဆိုတာကို “သဘက်ခါရိုက်မယ်ဆိုတော့ မမီတော့ဘူးပေါ့။ဒါပေမယ့် လုပ်သင့်လုပ်ထိုက်တာလေးတွေတော့လုပ်ရမှာပေါ့။ အခုမှတက်တူးထထိုးဖို့ကျတော့လည်းအဆင်မပြေတော့ဘူး”လို့ ပြုံးရယ်နေတဲ့မျက်နှာလေးနဲ့ ဖြေသွားပါတယ်။

ပရိသတ်တွေလည်ပင်းရှည်အောင်စောင့်နေရတဲ့ ဒုတိယ Album အကြောင်းကိုလည်း ရဲရင့်အောင်က “တကယ်လို့ဒီကားပြီးတယ်ဆိုရင်တော့ ကျွန်တော် အခွေပေါ့နော်။ ကျွန်တော့်သီချင်းခွေပေါ့အတွက် အလုပ်လုပ်နေရမယ့်အချိန်မှာ ကိုဘိုဆန်းက ဒီကားက ဒီလိုအနေအထားတွေရှိတယ် ဘာညာသာရကာဆိုတော့ ကျွန်တော်က ဟုတ်ပြီ အဲ့ဒါဆိုကျွန်တော့်အခွေဘယ်အချိန်ထွက်ရမှာလဲဆိုတော့ မထွက်နဲ့ပေါ့ကွာတဲ့။ဟာအဲ့လိုတော့မရဘူးလို့ ဆိုတော့ ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ သူကျွန်တော့်ကိုအချိန်တွေစီမံခန့်ခွဲပေးပြီးတော့ ကျွန်တော်ဒီကားမှာရိုက်ဖြစ်သွားတာပါ။အဲ့တော့ ဒီကားပြီးသွားတာနဲ့ကျွန်တော်အခွေအတွက် ဆက်ပြီး run စရာရှိတာ run ရမယ်။ နောက်ပြီးတော့ 2019 ထဲမှာ ကျွန်တော်သီချင်းနဲ့ပတ်သက်ပြီးတော့လုပ်ရမယ့်အရာတွေ ကျွန်တော်စဉ်းစားထားတာတွေအများကြီးရှိပါတယ်”လို့ ပြောပြထားပါတယ်။

အသစ်ထွက်မယ့်သီချင်းခွေအကြောင်းတစ်စေ့တစ်စောင်းကိုလည်း “ကျွန်တော်အခွေထဲမှာပါမှာပေါ့နော်။ကျွန်တော့်အခွေထဲက သီချင်းတွေက ကျွန်တော်ပါပဲ။ ကျွန်တော်ဘာလဲဆိုတာ ကျွန်တော်ဘယ်လိုလူလဲ ကျွန်တော်ဘယ်သူလဲဆိုတာကိုပေါ်မယ့်သီချင်းတွေပဲဖြစ်မှာပါ”လို့ ရင်ခုန်ဖွယ်ဖွင့်ဟထားပါသေးတယ်။ရဲရင့်အောင်က Facebook လုံးဝမသုံးတော့တဲ့အကြောင်းကိုလည်း “ကျွန်တော်မိုးလင်းရင် ဘာမှလုပ်စရာလည်းမည်မည်ရရမစဉ်းစားပဲနဲ့အိပ်ရာကနိုးတာနဲ့ Facebook ကြီးပဲပွတ်မိနေတယ်။ မြင်ရသမျှကလည်း အနိဌာရုံတွေ အနှုတ်လက္ခဏာဘက်ကိုသွားနေတာတွေပဲများတော့ ဒါတွေကိုကြည့်ခြင်းအားဖြင့် ကျွန်တော့်ရဲ့မသိစိတ်က တဖြည်းဖြည်းချင်းနဲ့ အနှုတ်လက္ခဏာဘက်ကိုသွားနေတယ်လို့ခံစားရလို့ မသုံးပဲနေဖြစ်ပါတယ်”လို့ ပြောထားပါတယ်။


တည်ငြိမ်နေတဲ့အချစ်ရေးအကြောင်းကိုတော့ရဲရင့်အောင်က ရန်ခဏခဏဖြစ်ပြီးရင်ပိုချစ်မိကြောင်းပြောထားသလို ချစ်သူကို Myday မှာ ပြတ်ပြီလို့ ခဏခဏမတင်နဲ့လို့ဆုံးမရတယ်လို့လည်း “ကျွန်တော်အခုမှမဟုတ်ပါဘူး။ပြောပါတယ်။ အခုတော့ပြင်နေပြီထင်တာပဲ။ဒါပေမယ့်ထပ်ဖြစ်လာတော့လည်း ကျွန်တော်လည်းဘယ်တတ်နိုင်မလဲ။ ဘာမှတော့မဖြစ်ပါဘူး ကျွန်တော့်အတွက်”လို့အေးအေးဆေးဆေးပြောပြထားပါတယ်။

ပြောချင်လွန်းလို့ပရိသတ်ကြီးရော ရဲရင့်အောင်ကိုချစ်ကြလား။ရဲရင့်အောင်ကို အဆိုတော်အနေနဲ့ပိုချစ်လား သရုပ်ဆောင်အနေနဲ့ပိုသဘောကျလား။ ရဲရင့်အောင်ရဲ့ရှေ့ဆက်မယ့်အနုပညာတွေကိုရောအားပေးသွားကြမှာလား။ပြောခဲ့ကြပါဦး။

Can’t Wait To Say