Goo Hye Sun ရဲ့ စွပ်စွဲချက်တွေကို တစ်ခုချင်းစီပြန်ရှင်းချလိုက်တဲ့ Ahn Jae Hyun

မကြာသေးမီကာလကပဲပရိသတ်တွေကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေခဲ့ပြီး စိတ်မကောင်းခြင်းကြီးစွာဖြစ်စေခဲ့တဲ့ F4 မင်းသမီး Goo Hye Sun နဲ့ သူသိပ်ချစ်တဲ့ခင်ပွန်း Ahn Jae Hyun တို့ရဲ့ ကွာရှင်းပြတ်စဲမှုဟာ တစ်စထက်တစ်စပိုလို့တောင်ရှုပ်ထွေးလာပြီလို့ဆိုရမှာပါ။ ဒီနှစ်ထဲမှာပဲသူတို့နှစ်ဦးထက်အရင် ကွာရှင်းပြတ်စဲခဲ့တဲ့ Song Song Couple ထက်တောင် သူတို့ရဲ့ကွာရှင်းမှုက ရှုပ်ထွေးနေပါသေးတယ်။ Song Song Couple ကတော့ ကွာရှင်းမယ်လို့ကြေငြာပြီး အေးအေးဆေးဆေးပဲကွာရှင်းလိုက်တာနဲ့တင် ကိစ္စကပြီးသွားပေမယ့် Goo Hye Sun တို့ကတော့ ကွာရှင်းဖို့လုပ်နေတုန်းအချိန်မှာတင် တစ်ဖက်နဲ့တစ်ဖက်အခြေအနေတွေကို Social Media ပေါ်ကနေဖွင့်ချပြီးအပြန်အလှန်စွပ်စွဲချက်တွေနဲ့ ပရိသတ်တွေလည်းနှစ်ခြမ်းကွဲနေခဲ့ပြီး ပွဲဆူနေခဲ့တယ်လို့ပြောရမှာပါ။

ပြီးခဲ့တဲ့နေ့က Goo Hye Sun က သူမရဲ့ လူမှုကွန်ယက်ကနေ ခင်ပွန်းဖြစ်သူနဲ့ ပြဿနာတွေဖြစ်ပွားခဲ့ပုံနဲ့ Ahn Jae Hyun က သူမနဲ့အတူတူမနေပဲ တစ်ယောက်တည်းတိုက်ခန်းမှာသွားနေခဲ့တဲ့အကြောင်းပြောပြထားပြီး အမြဲတမ်းရန်ဖြစ်နေရကြောင်းတွေလည်းပြောထားပါတယ်။ဒါ့အပြင် Ahn Jae Hyun ရဲ့ မွေးနေ့မှာ သူမက မနက်ဝေလီဝေလင်းကြီးထပြီး စားသောက်စရာတွေလုပ်ပေးခဲ့ပေမယ့် Ahn Jae Hyun က တစ်ကိုက်လောက်သာစားပြီး အပြင်ထွက်ကာ အခြားသောသူတွေနဲ့ပျော်ပါးနေခဲ့တယ်လို့လည်းပြောထားသလို Ahn Jae Hyun က မူးလာတဲ့အချိန်မှာအခြားကောင်မလေးတွေနဲ့ ဖောက်ပြားတာကို မျက်စိနဲ့တိုက်ရိုက်မြင်ခဲ့ရသလို နားနဲ့ဆတ်ဆတ်ကြားခဲ့ရတယ်လို့လည်းပြောထားပါသေးတယ်။ ဒါတင်မကသေးပါဘူး။ Ahn Jae Hyun က သူမနဲ့ကွာရှင်းချင်တာက သူမရဲ့ Nipples တွေက ဆွဲဆောင်မှုမရှိလို့လို့ပြောခဲ့ကြောင်းလည်း ရင်ဖွင့်ထားပါတယ်။



အဲဒီအကြောင်းအရာတွေအားလုံးကို Ahn Jae Hyun က သူ့ရဲ့ Instagram post မှာ ပြန်ရှင်းထားပြီး လက်ထပ်ခဲ့တဲ့တစ်လျှောက်လုံး သူ့ဘက်က ခံစားခဲ့ရတာတွေနဲ့ ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကိုတစ်ခုချင်းစီရေးပြထားခဲ့ပါတယ်။ Ahn Jae Hyun က သူ့ရဲ့ လူမှုရေးပြဿနာတွေကြောင့် ပရိသတ်တွေစိတ်အနှောက်အယှက်ဖြစ်ရတဲ့အတွက်တောင်းပန်ပါတယ်လို့ပြောထားပြီး သူ့အနေနဲ့ အေးအေးဆေးဆေးပဲထားလိုက်ဖို့တွေးပေမယ့် သတင်းအမှားတွေပျံ့နှံ့နေတဲ့အတွက်သူနဲ့ သူ့ရဲ့ပတ်ဝန်းကျင်မှာထိခိုက်မှုတွေဖြစ်ရလို့ ပြန်လည်ရှင်းပြတာပါလို့ပြောထားခဲ့ပါတယ်။ သူတို့လက်ထပ်ပြီးတဲ့ သုံးနှစ်တာကာလမှာ ပြဿနာတွေနဲ့ သဘောထားကွဲလွဲမှုတွေများစွာဖြစ်ခဲ့ပြီး မကြာခဏရန်ဖြစ်နေကြရတဲ့အတွက် တစ်ယောက်တည်းခွဲနေဖို့နှစ်ဦးသဘောတူဆုံးဖြတ်ခဲ့ကြောင်းနဲ့ ဆွေးနွေးမှုတွေများစွာလုပ်အပြီးမှာ July 30 မှာ ကွာရှင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့ပြောထားပါတယ်။




ဒါ့အပြင် Ahn Jae Hyun က Goo Hye Sun ဘက်ကတောင်းတဲ့ ပိုက်ဆံတွေကိုလည်းပေးဖို့သဘောတူညီခဲ့ပြီး အဲဒီပိုက်ဆံတွေထဲမှာ Goo Hye Sun ရဲ့ အိမ်မှုကိစ္စလုပ်ထားတာတွေအတွက် လုပ်အားခတွေနဲ့ မင်္ဂလာဦးတုန်းက လှူခဲ့တဲ့ပိုက်ဆံတွေပါ ပါဝင်ကြောင်းလည်းပြောပြထားပါတယ်။ ဒါက ကွာရှင်းဖို့အတွက် နစ်နာကြေးပေးရမှာမို့လို့ပေးတာမျိုးမဟုတ်ပဲ သူချစ်ခဲ့တဲ့ဇနီးအတွက် ငွေကြေးအရကူညီချင်လို့ပေးတာလို့လည်းပြောထားပါသေးတယ်။ ရက်အနည်းငယ်အကြာမှာတော့ Goo Hye Sun ဘက်က ပထမသဘောတူထားတဲ့ ပိုက်ဆံနဲ့မကျေနပ်နိုင်တော့ပဲ Ahn Jae Hyun လက်ရှိနေနေတဲ့ တိုက်ခန်းကိုပါတောင်းဆိုလာခဲ့ပါတယ်တဲ့။ အဲဒီနောက်မှာ August 10 ရက်နေ့မှာ Ahn Jae Hyun အိပ်နေတဲ့ ညဘက်ကြီးမှာ Goo Hye Sun က တိုက်ခန်းထဲကို ဝုန်းဒိုင်းကြဲဝင်ချလာခဲ့ပြီး “ကျွန်မက ရှင့်ဇနီးမို့လို့ဝင်လာတာ လာခွင့်ရှိတယ်”လို့ပြောဆိုပြီး ကြောက်လန့်အောင်လုပ်ခဲ့တယ်လို့လည်းရင်ဖွင့်ထားပါတယ်။ အဲဒီညအပြီးမှာတော့ သူ့ရဲ့ ကွာရှင်းဖို့ဆုံးဖြတ်ချက်က ပိုပြီးခိုင်မာလာတယ်လို့လည်းဖော်ပြထားပါတယ်။



ရက်အနည်းငယ်အကြာမှာ Goo Hye Sun ဘက်က ကွာရှင်းဖို့သဘောတူညီခဲ့ပြီး ကွာရှင်းဖို့လုပ်ငန်းဆောင်တာတွေဆက်လက်လုပ်ဆောင်ခဲ့တယ်လို့သိရပါတယ်။ Ahn Jae Hyun အနေနဲ့ Goo Hye Sun တောင်းတဲ့ပိုက်ဆံကိုပေးဖို့သူ့အိမ်ကိုရောင်းချခဲ့ရပြီးချေးငွေယူခဲ့ရတာကြောင့် ဒီလိုအရေးကြီးတဲ့ကိစ္စတွေကို သူ့ရဲ့ Agency ကို တာဝန်အရဖွင့်ပြောပြခဲ့ရတယ်လို့လည်းပြောထားပါတယ်။ Ahn Jae Hyun က လက်ထပ်ပြီး တစ်နှစ်နဲ့လေးလကြာအောင်သူ့မှာ စိတ်ကျန်းမာရေးဆေးခန်းတွေပြသနေခဲ့ရပြီး စိတ်ကျရောဂါဆေးတွေကိုလည်းသောက်နေခဲ့ရကြောင်းပြောထားပါတယ်။ ဒါ့အပြင် ဖောက်ပြန်တယ်ဆိုတဲ့စွပ်စွဲချက်တွေကိုလည်း Ahn Jae Hyun က သူ့ရဲ့စာမှာ “ကျွန်တော် ခင်ပွန်းတစ်ယောက်အနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားနေထိုင်ခဲ့ပြီး လက်ထပ်ထားတဲ့တစ်လျှောက်လုံး အရှက်ရစေမယ့်လုပ်ရပ်မျိုးတွေတစ်ခါမှမလုပ်ခဲ့ဖူးပါဘူး”လို့ ဖြေရှင်းထားပါတယ်။ နောက်ပြီး ကွာရှင်းဖို့ဆုံးဖြတ်ချက်ခိုင်မာသွားကြောင်းကိုလည်း “ကျွန်တော်တို့အချိန်တွေအကြာကြီးဆွေးနွေးပြီးသဘောတူညီချက်တွေရပြီးထားတာတောင်မှ သူက ကျွန်တော်တို့ပတ်ဝန်းကျင်ကလူတွေကို အခက်တွေ့အောင်လုပ်ပြီး ပြဿနာတွေရှာပြီး သူ့အတွက်ပဲအကျိုးရှိစေမယ့်စကားတွေကိုပြောနေတာကိုမြင်ရတော့ ကျွန်တော့်အနေနဲ့ ဒီအိမ်ထောင်ရေးကိုဆက်ထိန်းသိမ်းဖို့ယုံကြည်ချက်လုံးဝမရှိတော့ပါဘူး”လို့ ရင်ဖွင့်ထားပါတယ်။

နောက်ပြီး လက်ရှိမှာ စတင်ထုတ်လွှင့်နေပြီဖြစ်တဲ့ Ahn Jae Hyun ရဲ့ My Little Old Boy Drama ဇာတ်လမ်းတွဲဟာလည်း Ahn Jae Hyun ရဲ့ လူမှုရေးပြဿနာတွေကြောင့် စတင်ထုတ်လွှင့်စနေ့မှာတင် အခြေအနေဆိုးရွားခဲ့ရတာကြောင့် Drama ထဲမှာပါဝင်တဲ့လူတွေအားလုံးကိုတောင်းပန်ပါတယ်လို့ပြောထားသလို သူ့ရဲ့ဇနီးကိုလည်းတောင်းပန်ကြောင်း “ကျွန်တော့်အနေနဲ့ နားလည်ရခက်တာတွေရှိပေမယ့် အခုဖြစ်ပျက်တဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး နာကျင်နေမှာဖြစ်တဲ့ ကျွန်တော့်ရဲ့ဇနီးကိုလည်းတောင်းပန်ပါတယ်။ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကြောင့်၊ ကျွန်တော့်ရဲ့ ကိုယ်ပိုင်ဘဝကို ဂရုမစိုက်နိုင်ခဲ့တာတွေကြောင့် ဒီလိုတွေဖြစ်ရတာပါ။တောင်းပန်ပါတယ်”လို့ ရေးသားထားခဲ့ပါတယ်။ လက်ရှိမှာတော့ လူမှုကွန်ယက်တွေမှာ Goo Hye Sun နဲ့ Ahn Jae Hyun ဘယ်ဘက်က မှန်တယ်မှားတယ်ဆိုတာ အငြင်းအခုန်တွေနဲ့ပွဲတွေဆူနေပြီး ပရိသတ်တွေလည်းအုပ်စုတွေကွဲနေပါပြီ။ ပရိသတ်ကြီးရော အားလုံးကိုခြုံငုံသုံးသပ်ကြည့်ရင် Goo Hye Sun နဲ့ Ahn Jae Hyun ဘယ်ဘက်ကမှန်တယ်ထင်လဲ။ပြောခဲ့ကြပါဦး။

Unicode





