မန်ချက်စတာယူနိုက်တက် နည်းပြရာထူးအတွက် သင့်လျော်သူ

0
102

ဒီတစ်ပါတ်မှာ ပြိုင်ဖက်တွေအဖြစ်ရင်ဆိုင်ကစားကြမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ဖူလ်ဟမ်အသင်းတို့ရဲ့ ပွဲစဉ်မတိုင်မှီ ဖူလ်ဟမ်အသင်းရဲ့ ဝါရင့်နည်းပြကြီး ရာရီရေးနီမှ ယူနိုက်တက်အသင်းရဲ့ ယာယီနည်းပြ ဆိုးလ်ရှားကို ချီးကျူးခဲ့ပြီး ယူနိုက်တက် နည်းပြရာထူးနဲ့ ထိုက်တန်သူဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် အသင်းဟာ နည်းပြဟောင်း မော်ရင်ဟိုကို ထုတ်ပယ်ခဲ့ပြီး အသင်းရဲ့ ကစားသမားဟောင်း ဆိုးလ်ရှားကို ယာယီနည်းပြအဖြစ်ခန့်အပ်ခဲ့ပါတယ်။ နည်းပြသစ်လက်အောက်မှာ မန်ချက်စတာယူနိုက်တက်အသင်း ရလဒ်ကောင်းတွေနဲ့အတူ ခြေစွမ်းပိုင်းတိုးတက်မှုတွေ တွေ့မြင်လာခဲ့ရပါတယ်။ လက်ရှိ နည်းပြဆိုးလ်ရှာ ကိုင်တွယ်ခဲ့တဲ့ ၁၀ပွဲမှာ ၉ပွဲနိုင်ပြီး ၁ပွဲသရေ ရှုံးပွဲမရှိပဲ ခြေစွမ်းပြကစားထားနိုင်ခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်အသင်းအတွက် အခုလာမည့် စနေနေ့မှာ ကစားမယ့် ဖူလ်ဟမ်နဲ့ ပွဲစဉ်ပြီးလျှင် ပွဲကျပ်ကာလကို ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အသင်းကြီးတွေဖြစ်တဲ့ PSG၊ ချဲလ်ဆီး၊ လီဗာပူးအသင်းတွေနဲ့ ဆက်တိုက်ယှဉ်ဆိုင်သွားရမှာဖြစ်ပါတယ်။ ဖူလ်ဟမ်အသင်းကို လက်ရှိမှာကိုင်တွယ်နေတဲ့ ဝါရင့်ပရီးမီးယားလိဂ် နည်းပြကြီး ရာရီရေးနီမှ မန်ချက်စတာယူနိုက်တက် အသင်းကိုကိုင်တွယ်နေတဲ့ ဆိုးလ်ရှားဟာ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းနည်းပြရာထူးနဲ့ ထိုက်တန်ကြောင်း ပြောကြားသွားခဲ့ပါတယ်။

“ဆိုးလ်ရှားဟာ အသင်းနဲ့ တသားတည်းဖြစ်နေတယ်ဆိုတာ သူပြသနိုင်ခဲ့ပါပြီ။ ဒီလိုရလဒ်ကောင်းတွေနဲ့ သက်သေပြထားနိုင်တာကြောင့် ဒီရာထူးက သူနဲ့တကယ့်ကို ထိုက်တန်ပါ။ ယူနိုက်တက်အသင်းကို စိတ်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုတွေနဲ့ အကောင်းဆုံး ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ ကစားသမားဘဝ ချဲလ်ဆီးအသင်းနဲ့ ရင်ဆိုင်ခဲ့တဲ့ သူရဲ့ပုံရိပ်တွေကို ကျွန်တော်ကောင်းကောင်းမှတ်မိပါတယ်။ သူအကောင်းဆုံးတွေ ပိုပြီးလုပ်ပြနိုင်ဖို့အတွက် ကျွန်တော် ဆန္ဒပြုပါတယ်” ဟုချီးကျူးသွားခဲ့ပါတယ်။

ရာရီရေးနီမှ ပြောကြားရာမှာ “ သူတို့အသင်းဟာ အနှေးနဲ့အမြန် ရှုံးဦးမှာပါ။ ကျွန်တော်တို့ကိုလည်း သူတို့ရှုံးသွားနိုင်ပါတယ်။ ကျွန်တော်တို့မှာ ပိုကောင်းတဲ့ တိုက်ပွဲဝင်စိတ်ထားရှိဖို့လိုအပ်ပါတယ်။ ဒီလိုစိတ်မျိုးမရှိရင် အရေးနိမ့်သွားမှာပါ။ ကျွန်တော်တို့အသင်းသားတွေအားလုံး အကောင်းဆုံး တိုက်ပွဲဝင်ကြိုးစားကစားသွားမှာပါ။ ပရိသတ်တွေလည်း သူတို့နဲ့အတူ ပျော်ရွှင်ကျေနပ်စွာ ရှိနေပါလိမ့်မယ်” ဟုမှတ်ချက်ပြုသွားခဲ့ပါတယ်။

ရာရီရေးနီမှ တပည့်ဟောင်း မာရှယ်နဲ့ ပတ်သတ်ပြီး “ ပေါင်၅သန်းနဲ့ ဒီကလေးကို ကျွန်တော်ခေါ်ယူခဲ့တာ တကယ့်ကို မှန်ကန်ခဲ့ပါတယ်။ ခြေစွမ်းကောင်းတွေပြသထားနိုင်တဲ့ ကစားသမားတဦးဖြစ်ပြီး မိုနာကိုယူ၂၁ အသင်းမှာကတည်းက သူ့ကို သတိထား နှစ်သက်မိပါတယ်။ ဝယ်ယူဖို့ အခွင့်အခါသင့်တဲ့ အချိန်မှာ ကျွန်တော်အရခေါ်ယူလိုက်တာပါ။ ယူနိုက်တက်အသင်းမှာ ရက်ရှ်ဖို့ဒ်၊ ပေါ့ဘာတို့လို ကစားသမားကောင်းတွေရှိနေတာကြောင့် ကျွန်တော်တို့အသင်းဟာ ဒီပွဲကို အထူးအာရုံစိုက်ပြီး ခြေစွမ်းကောင်းကို တစ်ပွဲလုံး ထိန်းသွားနိုင်ဖို့ လိုအပ်ပါတယ်” ဟုပြောကြားသွားခဲ့ပါတယ်။