MCU က ထွက်ခွာသွားရတော့မှာကို ရင်ဖွင့်လာတဲ့ Spider-Man မင်းသား Tom Holland

Tom Holland ဟာ Comic နဲ့အနီးစပ်ဆုံး Spider-Man ဖြစ်တယ်ဆိုတဲ့ ချီးကျူးသံတွေလက်ခုပ်သံတွေနဲ့အတူ အောင်မြင်ကျော်ကြားလာခဲ့ပြီး တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးခြင်းကိုခံလာရတာပါ။ ဒါ့အပြင် Tom က သူ့ဘဝတစ်လျှောက်လုံး Spider-Man ဖြစ်ခွင့်ရဖို့အိပ်မက်မက်လာခဲ့သူဖြစ်သလို Spider-Man ဇာတ်ကောင်ကို သရုပ်ဆောင်ရာမှာ အဖက်ဖက်က သဘာဝအကျဆုံး၊ချစ်ဖို့အကောင်းဆုံး ဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်ပါတယ်။ မကြာသေးမီက ထွက်ပေါ်လာတဲ့ Spider-Man ကာရိုက်တာနဲ့ပတ်သက်ပြီး Marvel နဲ့ Sony Production နှစ်ခုကြားမှာဖြစ်နေတဲ့ သဘောတူညီချက်အရှုပ်အရှင်းတွေက တစ်ကမ္ဘာလုံးက Spider-Man ပရိသတ်တွေကို စိုးရိမ်စိတ်တွေပွားစေခဲ့သလို Tom Holland ရဲ့ Spider-Man အနာဂတ်အတွက်လည်း ပရိသတ်တွေက စိုးရိမ်ပူပန်နေခဲ့ရပါတယ်။

ဖြစ်ကြတဲ့ ပြဿနာကတော့  Spider-Man Character ဟာ နဂိုကတည်းက Marvel ရဲ့အပိုင်မဟုတ်ပဲ Sony ရဲ့အပိုင်သာဖြစ်တာကြောင့် အစကတည်းက Marvel Studios နဲ့ Sony တို့က သဘောတူညီချက်တွေပြုလုပ်ပြီး အကျိုးအမြတ်တွေကိုခွဲယူကြမယ်ဆိုပြီး Spider-Man ဇာတ်ကားတွေနဲ့ MCU ရဲ့ ဇာတ်ကားတွေမှာ Spider-Man ကာရိုက်တာကို ထည့်အသုံးပြုထားခဲ့တာပါ။ အဲဒိသဘောတူညီချက်ဟာ Sony ဘက်က Far From Home ကို Extended Cut တွေ၊အရင်ရုပ်ရှင်ကားထဲမှာမပါတဲ့ ဇာတ်ကွက်တွေကိုထပ်ဖြည့်ထည့်ပြီး ရုံပြန်တင်မယ်၊ဝင်ငွေတွေထပ်ယူမယ် ပိုက်ဆံရှာမယ်လို့လုပ်လာတဲ့အချိန်မှာစတင်ပြီး ကျိုးပေါက်ယိမ်းယိုင်လာတယ်လို့ဆိုရမှာပါ။ အဲဒီလို ရုံပြန်တင်မယ်လုပ်တာကို Marvel ဘက်ကသဘောမတူပါဘူး။ ညှိရင်းညှိရင်းနဲ့ Marvel Studios ရဲ့ ဥက္ကဌ Kevin Feige က နောက်ထပ် Spidey ဇာတ်ကားတွေကို ရိုက်ကူးပေးမှာမဟုတ်တော့ပါဘူးဆိုပြီး သဘောတူညီမှုကနေအရင်ထွက်သွားခဲ့တာပါ။



နှစ်ဦးနှစ်ဖက် ညှိနှိုင်းမှုတွေဆက်လက်လုပ်ဆောင်နေခဲ့သေးပေမယ့် သဘောတူညီမှုပြန်ရဖို့ခက်ခဲနေခဲ့ပြီး Spider-Man က MCU ကနေ အပြီးတိုင်နှုတ်ဆက်သွားရဖို့ဆိုတာရာခိုင်နှုန်းတော်တော်များနေတဲ့အခြေအနေမှာပါ။ ဒါ့အပြင် Sony ဘက်က Spider-Man ကာရိုက်တာကို ပြန်လည်ပုံဖော်တဲ့အခါ MCU Spider-Man ဖြစ်တဲ့ Tom Holland ကိုရော Spider-Man အဖြစ်ဆက်သုံးပါ့မလားဆိုတာကိုလည်း ပရိသတ်တွေက စိုးရိမ်နေကြပါတယ်။

ကာယကံရှင်ဖြစ်တဲ့ Tom Holland ကတော့ အဲဒီလိုကောလဟလတွေရော ပြဿနာကိုသုံးသပ်ချက်တွေတစ်ယောက်တစ်ပေါက်ဝေဖန်ချက်တွေတစ်ကမ္ဘာလုံးမှာ ပလူပျံနေချိန်မှာ ဘာသံမှမထွက်ပဲ တိတ်ဆိတ်ငြိမ်သက်နေခဲ့ပါတယ်။ ဒါပေမယ့် ပရိသတ်ကိုအရမ်းချစ်တဲ့ Tom က မကြာသေးမီက Pixar Film event မှာ Spider-Man က MCU ကနေ ထွက်သွားရတော့မယ့် ပြဿနာနဲ့ပတ်သက်ပြီး ရင်ဖွင့်စကားပြောလာခဲ့ပါတယ်။ Pixar Film Event မှာ ပရိသတ်တွေကိုနှုတ်ဆက်နေရင်းနဲ့ Tom က “ဒီတစ်ပတ်လုံး ကျွန်တော်ရူးလောက်တယ်။ ဒါပေမယ့် ကျွန်တော် အရာအားလုံးအတွက် နှလုံးသားတစ်ခုလုံးနဲ့ထပ်တူကျေးဇူးတင်ပြီး ဂုဏ်ယူရပါတယ်။ I love you 3000 ပါ”လို့ ပြောခဲ့ပြီး ဘယ်လိုအခြေအနေတွေပဲဖြစ်ပါစေ သူကတော့ Spider-Man အဖြစ်ဆက်ရှိနေမှာပါလို့လည်း “အနာဂတ်မှာဘာတွေဖြစ်လာမလဲတော့ဘယ်သူမှမသိနိုင်ပါဘူး။ ကျွန်တော်သိတာကတော့ ကျွန်တော်က Spider-Man အဖြစ်ဆက်ပြီးသရုပ်ဆောင်ရင်းဘဝကိုဖြတ်သန်းနေမှာပါ။ Spider-Man ရဲ့ အနာဂတ်က ပြောင်းလဲချင်ပြောင်းလဲသွားပါလိမ့်မယ်။ ဒါပေမယ့် အရင်လိုပဲ ရင်သပ်ရှု့မောဖြစ်နေရဦးမှာပါ၊ ကျွန်တော်တို့ Spider-Man ကို အရင်ကထက်ပိုကြည့်ကောင်းအောင်၊ပိုမိုက်အောင်လုပ်ဖို့ နည်းလမ်းအသစ်တွေရှာကြမှာပါ”လို့ မီဒီယာတွေကိုဖြေကြားထားခဲ့ပါတယ်။




Spider-Man ကို MCU မှာဆက်ရှိနေဖို့ပရိသတ်တွေက မျှော်လင့်နေကြတာနဲ့ပတ်သက်ပြီးတော့ Sony နဲ့ ညှိနှိုင်းမှုတွေလုပ်နေခဲ့ရာမှာ မျှော်လင့်ချက်တော့သိပ်မရှိဘူးလို့လည်း Marvel ဥက္ကဌ Kevin Feige က အသိပေးလာခဲ့ပါတယ်။ Feige က မီဒီယာတွေနဲ့အင်တာဗျူးမှာ “ကျွန်တော်တို့ MCU မှာ Spider-Man ပါဝင်တဲ့ ရုပ်ရှင်ငါးကားရှိခဲ့တယ်။ Spider-Man ရုပ်ရှင် နှစ်ကားနဲ့ Spidey ပါဝင်တဲ့ Avengers ရုပ်ရှင်သုံးကားဖန်တီးခဲ့တယ်။ အဲဒါက ကျွန်တော့်အတွက်တော့ အိပ်မက်တွေတကယ်ဖြစ်လာခြင်းပါပဲ။ ဒီလိုတစ်သက်လုံးဖြစ်နေမှာမဟုတ်ဘူးဆိုတာလည်း ကျွန်တော်တို့သိပါတယ်။ အချိန်အတိုင်းအတာတစ်ခုအထိပဲဒီလိုလက်တွဲဖန်တီးလို့ရမယ်ဆိုတာကိုရောပေါ့။ ကျွန်တော်တို့ပြောပြချင်တဲ့ ပုံပြင်တွေပရိသတ်ကိုပြခွင့်ရခဲ့တယ်။ အဲဒီအတွက် ကျွန်တော်တို့ဘက်က အမြဲတမ်းကျေးဇူးတင်နေမှာပါ”လို့ ပြောထားခဲ့ပါတယ်။ အဲဒီစကားကိုခွဲခြိမ်းစိတ်ဖြာကြည့်မယ်ဆိုရင် တကယ်ကိုပဲ Spider-Man ကို MCU က နှုတ်ဆက်လိုက်တဲ့စကားနဲ့တူနေပြီး နောက်ထပ် Avengers ရုပ်ရှင်တွေထဲမှာရော MCU ရဲ့ ဘယ်နေရာမှာမှ Spidey ကိုဆက်မြင်ရတော့မှာမဟုတ်ပါဘူး။ Endgame မှာ ပျောက်သွားတဲ့ Spidey လေးပြန်လာလို့ ပျော်ရွှင်နေခဲ့ကြပေမယ့်အခုတော့ ဘယ်သူမှလက်ဖျောက်မတီးရပါပဲ Spider-Man က MCU ကနေ တကယ်ကြီးပျောက်ဆုံးသွားခဲ့ပါပြီ။

ပရိသတ်ကြီးရော Spider-Man ကို MCU ထဲမှာဆက်ပြီးရှိနေဖို့မျှော်လင့်နေကြသေးလား။ ဒါမှမဟုတ် Sony က ထုတ်တဲ့ တစ်ကိုယ်တော် Spider-Man အဖြစ် အရင်တုန်းက ရုပ်ရှင်တွေလိုမြင်ရမယ်ဆိုရင်လည်း အားပေးကြမှာလား။ပြောခဲ့ကြပါဦး။



Unicode





