Minions လေးတွေအကြောင်း သင်မသိသေးတဲ့ လျှို့ဝှက်ချက်များ

0
36

၂၀၁၀ ခုနှစ်က Despicable Me ဇာတ်ကားဟာ အန်နီမေးရှင်းဇာတ်ကား တစ်ခုအနေနဲ့ သာမာန်ထက် ပိုတဲ့ အောင်မြင်မှုကို ရရှိခဲ့ပြီး အဝါရောင် ပုကွကွ Minion လေးတွေဟာလည်း Stitch လိုမျိုး နိုင်ငံတကာ Icon တစ်ခု ဖြစ်လာခဲ့ပါတယ်။ ယခုအခါမှာတော့ Despicable Me သုံးကားနဲ့ Minion တွေရဲ့မူရင်းဇာတ်လမ်းတစ်ကား စုစုပေါင်း ရုပ်ရှင်လေးခု ထွက်ခဲ့ပြီးဖြစ်လို့ ပြောချင်လွန်းလို့ ပရိသတ်တွေအတွက် အဲဒီ Minions လေးတွေရဲ့ စိတ်ဝင်စားစရာ အချက်လေးတွေကို စုစည်းဖော်ပြပေးချင်ပါတယ်။

၁. မူလ Despicable Me ဇာတ်ကားထဲမှာ Minions တွေကိုထည့်ရတာဟာ အဓိကဇာတ်ကောင် မဟာဗီလိန် Gru ရဲ့အခန်းတွေကို မပျင်းရိကြစေဖို့ ဖြစ်ပါတယ်။ အစောပိုင်းမှာ Orc ဘီလူးတွေပုံစံနဲ့ အကောင်ကြီးကြီးတွေ ထည့်မလို့ပါပဲ။ ဒါပေမယ့် Star Wars ထဲက Jawas လူပုတွေနဲ့ ချာလီချောကလက်စက်ရုံထဲက Oompa Loompas တွေကိုသာ အတုယူပြီး အခုလို ချစ်စရာပုတုတုလေးတွေ ထည့်လိုက်တာပါ။

၂. ပုံမှန် Minion တစ်ကောင်ရဲ့ အရပ်ဟာ သုံးပေခွဲမြင့်ပါတယ်။ လက်ချောင်းကတော့ တစ်ဖက်ကို သုံးချောင်းစီသာ ပါဝင်တယ်။

၃. Minions တွေပြောဆိုတဲ့စကားဟာ အင်္ဂလိပ်ဘာသာ၊ စပိန်၊ အီတလီ၊ ပြင်သစ်၊ ရုရှနဲ့ ကိုရီးယားဘာသာ တို့မှ တစ်စစီယူပြီး ဖန်တီးထားတာ ဖြစ်တယ်။ ‘Minion-ese’ လို့ခေါ်ပြီး စပိန်လို၊ အီတလီလို ပြောတတ်ရင် သင်ရတာ လွယ်ကူတယ်လို့ ဆိုပါတယ်။ သူတို့ဟာ သီးသန့်ဘာသာစကားကို အသုံးပြုပေမယ့် နာမည်တွေက အမေရိကန်မှာ ယောက်ျားလေးတွေ အမှည့်များတဲ့ ကယ်ဗင်၊ ဘော့ဘ်၊ စတူးဝပ် တို့လို အမည်တွေ ဖြစ်ပါတယ်။

၎. Minions တွေကို အမျိုးသမီးအဝတ်တွေ ယူဝတ်တာ မြင်ရပေမယ့် ရုပ်ရှင်တွေထဲမှာ အခုချိန်ထိ အမ တစ်ကောင်မှ မပါသေးပါဘူး။ ဒါ့ကြောင့် ဘယ်လိုမျိုးပွားသလဲ ဆိုတာ လျှို့ဝှက်ချက်တစ်ခု ဖြစ်ပါတယ်။

၅. သူတို့ရဲ့မူရင်းဇာတ်ကြောင်းကို ဖော်ပြတဲ့ Minions (2015) ရုပ်ရှင်အရ သူတို့ဟာ သမိုင်းမတိုင်ခင် ကမ္ဘာဦးထဲက ရှိလာတဲ့ သတ္တဝါတွေဖြစ်ပြီး သေဆုံးခြင်းလည်း မရှိပါဘူး။ Gru ဘေးက Minion လေးတွေဟာ နှစ်ပေါင်းရာနဲ့ချီ အသက်ကြီးနေပြီဖြစ်ပြီး သူတို့ရဲ့ဘာသာစကားဟာလည်း သမိုင်းမတိုင်ခင်ခေတ်က ဖန်တီးခဲ့တာကြောင့် အခုလို ဖြစ်နေတာပါ။

၆. Despicable Me 2 မှာမြင်ရတဲ့ Evil Minion တွေ ခရမ်းရောင်ဖြစ်နေတာဟာ ရောင်စဉ်ပြဇယား (color spectrum) မှာ ခရမ်းရောင်က အဝါရောင်ရဲ့ ဆန့်ကျင်ဘက်အရောင် ဖြစ်နေလို့ပါ။ ဒါ့အပြင် Evil Minion တွေရဲ့ ပုံသဏ္ဍာန်ကို တွစ်တီလို့ လူသိများတဲ့ Looney Toon ထဲက Tweety Bird ကလေး ဆေးမှားသောက်မိပြီး မိစ္ဆာကောင်ကြီးလို ဖြစ်သွားတဲ့ပုံကို အတုယူထားတာ ဖြစ်ပါတယ်။

၇. Despicable Me ရဲ့ ပူးတွဲဒါရိုက်တာ Pierre Coffin ဟာ Minions တွေရဲ့ အသံအားလုံးကို သူတစ်ယောက်တည်း အသံသရုပ်ဆောင်ထားတာပါ။ ဒါ့ကြောင့် သင်ကြားရသမျှ မတူညီတဲ့ Minion တွေရဲ့ စကားသံအားလုံးဟာ လူတစ်ယောက်တည်းရဲ့ အသံဖြစ်ပါတယ်။

၈. Minions စုစုပေါင်း ၈၉၉ ကောင်ရှိပေမယ့် တစ်ကောင်ချင်းစီကို သီးသန့်ဖန်တီးမထားဘဲ ဆံပင်ပုံစံ စုစုပေါင်းငါးမျိုးထဲနဲ့ ကိုယ်ထည်ပုံစံ အပြောင်းအလဲ ပြုလုပ်ဖန်တီးထားတာကြောင့် တစ်ကောင်နဲ့တစ်ကောင် ချွတ်စွပ်တူတဲ့ Minion Clone တွေကို မကြာခဏ တွေ့ရမှာပါ။

LEAVE A REPLY

Please enter your comment!
Please enter your name here