Star Wars ရုပ်ရှင်ကိုပူးပေါင်းထုတ်လုပ်တော့မယ့် Marvel Studios

Marvel Studios က ထုတ်လုပ်တဲ့ MCU အပါအဝင်  အခြားသော Marvel ရုပ်ရှင်ဇာတ်ကားတွေဟာ သူတို့ချည်းပဲတင် အံ့သြစရာတွေကို ဖန်တီးပြနိုင်ပြီးသားဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးမှာ အံ့မခန်းတဲ့ အောင်မြင်မှုတွေရရှိနေပြီးသားပါ။ တစ်ကမ္ဘာလုံးကပရိသတ်တော်တော်များများကလည်း Marvel ဇာတ်ကားတွေကို စွဲစွဲလန်းလန်းနဲ့တစိုက်မတ်မတ်အားပေးနေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ပရိသတ်တွေကို ပိုပြီးအံ့သြစရာကောင်းတဲ့ ရသတွေပေးချင်တဲ့ Marvel Studios ရဲ့ ပဲ့ကိုင်ရှင် Kevin Feige က Marvel Studios ဇာတ်ကားတွေနဲ့တင်ခေါင်းမဖော်နိုင်အောင် အလုပ်တွေမအားလပ်တဲ့ကြားက project အသစ်တစ်ခုအတွက်ခြေလှမ်းစလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အဲဒီခြေလှမ်းကတော့ ပရိသတ်တော်တော်များများကို အံ့သြဝမ်းသာဖြစ်စေခဲ့ပါတယ်။ အဲဒါကတော့ Kevin Feige အနေနဲ့ Lucas Film ရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သူ Kathleen Kennedy နဲ့ပူးပေါင်းပြီး Star Wars ရုပ်ရှင်ဖန်တီးမှုကိုတာဝန်ယူတော့မယ်ဆိုတာပါပဲ။ ဒီ project ကို  Kathleen နဲ့ ပူးပေါင်းပြီးလုပ်မယ်ဆိုပေမယ့် Kevin ကသာ Project တစ်ခုလုံးကိုတာဝန်ယူလုပ်ဆောင်သွားမှာဖြစ်ပြီး Kathleen က အကြံပေးကြီးကြပ်ရုံသာလုပ်မှာဖြစ်ကြောင်းလည်းသိရပါတယ်။ Kevin ဟာ သူ့ဘဝတစ်လျှောက်လုံးမှာ Star Wars ရဲ့ အမာခံပရိသတ်ဖြစ်ခဲ့ပြီး သူအရမ်းကြိုက်တဲ့ Star Wars ကို သူကိုယ်တိုင်ပူးပေါင်းပါဝင်ဖန်တီးရတော့မှာဖြစ်လို့ ရင်ခုန်နေတယ်လို့လည်းဆိုပါတယ်။



အခုလို Kevin နဲ့ Kathleen နဲ့ ပူးပေါင်းတာဟာ ပထမဆုံးအကြိမ်ပဲဖြစ်ပြီး ဒီကိစ္စသာအဆင်ပြေအောင်မြင်သွားမယ်ဆိုရင်အနာဂတ်မှာလည်း Marvel Studios နဲ့ Lucas Film နဲ့ ပူးပေါင်းမှုတွေရှိလာနိုင်ဖို့လမ်းစပေါ်လာမှာဖြစ်ပြီး အဲဒီလိုသာဆိုရင် MCU နဲ့ Star Wars နဲ့လည်း Crossover တွေဖြစ်လာနိုင်မလားဆိုတာကိုပရိသတ်တွေက စိတ်ဝင်စားနေကြပါတယ်။ လက်ရှိမှာတော့ Kevin Feige ရဲ့ Star Wars ကို ပူးပေါင်းဖန်တီးမယ့် Project ဟာ လအနည်းငယ်လောက်အတွင်းမှာစတင်တော့မှာဖြစ်ပြီး Feige က သူရိုက်ကူးမယ့် Star Wars မှာ ပါဝင်မယ့် ကာရိုက်တာတစ်ခုအတွက် နာမည်ကြီးသရုပ်ဆောင်တစ်ဦးကို တီးခေါက်မှုတွေလုပ်ပြီးပြီလို့လည်းသတင်းတွေထွက်နေပါတယ်။




ပရိသတ်တွေကတော့ Marvel ရဲ့ ထူးဆန်းအံ့သြစရာတွေကိုဖန်တီးပြနိုင်သူ Kevin Feige ကိုယ်တိုင်ကိုင်တွယ်မယ့် Star Wars ရုပ်ရှင်အသစ်ဟာ ဘယ်လိုပုံစံနဲ့ထွက်ပေါ်လာမလဲဆိုတာကိုစိတ်ဝင်စားနေကြပြီး ရုပ်ရှင်ထွက်လာတာနဲ့အားပေးဖို့အသင့်ဖြစ်နေကြပါပြီ။ ပြောချင်လွန်းလို့ပရိသတ်ကြီးရော Kevin နဲ့ Kathy တို့ပူးပေါင်းဖန်တီးမယ့် Star Wars ကို အားပေးဖို့အသင့်ပဲလား။ ဒီဖြစ်ရပ်ဟာ Marvel Studios နဲ့ Lucas Film တို့ရေရှည်လက်တွဲပူးပေါင်းသွားဖို့လမ်းစပဲလို့ထင်လား။ ပြောခဲ့ကြပါဦး။

Unicode





