Trailer နဲ့ ရုံတင်ရက်ထွက်ရှိလာပြီဖြစ်တဲ့ Frozen 2 ဇာတ်ကား

Disney ရဲ့ကြီးစွာသော အောင်မြင်မှုလို့ဆိုနိုင်တဲ့ Frozen ဇာတ်ကားဟာ 2013 မှာထွက်ရှိခဲ့ပြီး တစ်ကမ္ဘာလုံးက ကလေးတွေရော လူကြီးတွေပါ ကြိုက်နှစ်သက်ကြတဲ့ Animation ဇာတ်ကားကောင်းတစ်ကားဖြစ်ခဲ့သလို Box Office မှာလည်း ကြောက်မက်ဖွယ် ဝင်ငွေ တစ်ဘီလီယံကျော်ဝင်ခဲ့ပါတယ်။ Frozen ရဲ့ Elsa နဲ့ Anna ကာရိုက်တာတွေကလည်း အမှတ်တရပစ္စည်းတွေထွက်ခဲ့ပြီး လူကြိုက်များခဲ့ပါသေးတယ်။ တစ်ကမ္ဘာလုံးက ပရိသတ်တွေက Frozen ဇာတ်ကားရဲ့နောက်ဆက်တွဲ sequel ကို မျှော်လင့်နေခဲ့ကြပြီး နောက်ထပ် sequel မထွက်တော့ဘူးလားလို့တောင်ထင်ခဲ့ကြတာပါ။ ဒါပေမယ့် နောက်ထပ် Frozen 2 ထွက်မယ်လို့ကြေငြာချက်ထွက်လာခဲ့တာကြောင့် ပရိသတ်တွေစိတ်အေးပြီးစောင့်မျှော်နေခဲ့ကြပါတယ်။

အဲဒီလို စောင့်ရတဲ့အချိန်တွေကလည်းရှည်ကြာလွန်းလှပါတယ်။ ဒါပေမယ့် အခုတော့ စောင့်ရတဲ့အချိန်တွေပြီးဆုံးတော့မှာပါ။ ပရိသတ်တွေမျှော်လင့်နေကြတဲ့ Frozen 2 ဟာ 2019 November မှာ ရုံတင်တော့မှာဖြစ်ပြီး Trailer ထွက်ရှိလာခဲ့ပါပြီ။ Frozen 2 ရဲ့Tralier ကို Elsa နဲ့ Anna ညီအစ်မနှစ်ယောက်ကို သူတို့အဖေက ပုံပြင်ပြောပြတာနဲ့စထားပါတယ်။ အဲဒီနောက်မှာတော့ Elsa ဟာ သူ့ကိုအဝေးတစ်နေရာကခေါ်နေတဲ့ ထူးခြားတဲ့အသံကို ကြားလာရပြီး ထူးခြားမှုတွေစတင်ဖြစ်ပျက်လာပါတော့တယ်။ Frozen 2 မှာ Elsa, Anna နဲ့ Olaf, Kristoff အပြင် Sven ပါပါတဲ့ သူတို့အဖွဲ့ဟာ သူတို့နေထိုင်တဲ့ Arendelle ကနေထွက်ခွာပြီး Elsa ရဲ့ အစွမ်းတွေလာတဲ့ နေရာအစစ်အမှန်ကိုရှာဖွေတဲ့ ခရီးစဉ်အကြောင်းရိုက်ပြထားတာပါ။



ခရီးလမ်းတစ်လျှောက်မှာ ဘယ်လိုအဟန့်အတားအနှောက်အယှက်တွေနဲ့တွေ့ရမလဲဆိုတာရယ်၊ Elsa နဲ့ Anna တို့ကြားက ညီအစ်မသံယောဇဉ်တွေ၊ ချစ်ခြင်းမေတ္တာနဲ့ ထုံးဖွဲ့နှောင်ချည်ထားမှုတွေကို လွမ်းမောဖွယ်ရိုက်ပြထားတဲ့အပြင် Elsa နဲ့ သူ့ရဲ့ မှော်အစွမ်းတွေကြောင့်တွေ့ကြုံရတဲ့ ရင်သပ်ရှု့မောဖွယ်အဖြစ်အပျက်တွေကို Disney ရဲ့ ထုံးစံအတိုင်း အံ့သြဖွယ်ရိုက်ပြထားတာမို့ Frozen 2 ကလည်းပဲ Frozen လိုပဲ Box office မှာ ငွေဝင်ကြမ်းဦးမယ်လို့ ရုပ်ရှင်ဝေဖန်ရေးတွေက ခန့်မှန်းနေကြပြီး ပရိသတ်တွေကလည်းကြည့်ရှု့အားပေးဖို့အသင့်အနေအထားနဲ့စောင့်မျှော်နေကြပါပြီ။ Frozen 2 ဇာတ်ကားကို 2019 November 22 မှာရုံတင်တော့မှာဖြစ်ကြောင်းသိရပါတယ်။




ပြောချင်လွန်းလို့ပရိသတ်ကြီးရော Frozen ဇာတ်ကားကို ကြိုက်နှစ်သက်ခဲ့ကြလား။ မကြာခင်မှာ ရုံတင်တော့မယ့် Frozen 2 ကို ကြည့်ရှု့အားပေးဖို့အသင့်ဖြစ်နေကြပြီလား။ Trailer ကိုကြည့်ပြီးတော့ ရင်ခုန်စိတ်လှုပ်ရှားနေကြပြီလား။ ရုံတင်ရင်ရော သွားရောက်ကြည့်ရှု့အားပေးကြမှာလား။ပြောခဲ့ကြပါဦး။

Unicode





