Youtube ပေါ်က လူမုန်းအများဆုံး ဗီဒီယိုများ

0
42

Youtube ဟာ ဗီဒီယိုတွေကို အခြေခံထားတဲ့ ဆိုရှယ်နက်ဝပ်တစ်ခုပါ။ အခုချိန်မှာ အရမ်းအောင်မြင်နေပြီး နာမည်ကြီးပုဂ္ဂိုလ်နဲ့ ကုမ္ပဏီမှန်သမျှ Youtube ပေါ်မှာ တရားဝင်တွေ့ရနိုင်တယ်။ Youtube ပေါ်က ဗီဒီယိုတွေမှာ Like တင်မကဘဲ Dislike ပါ ပေးလို့ရတာလည်း အစောပိုင်းဆိုရှယ်နက်ဝပ် တစ်ခုအနေနဲ့ ထူးခြားချက် ဖြစ်ပါတယ်။ ပြောချင်လွန်းလို့တို့ဟာ ကိုယ်နှစ်သက်တဲ့ ဗီဒီယိုကို ရှာကြည့်ပြီးရင် Like ဘယ်လောက်ရှိလဲ ဆိုတာကိုပဲ များသောအားဖြင့် ကြည့်လေ့ရှိပြီး Dislike ကိုတော့ စိတ်အနှောင့်အယှက်ဖြစ်ရုံလောက်သာ ခံစားရတတ်တယ်။ဒါကိုပြောင်းလဲပစ်လိုက်တာကတော့ အခု ၂၀၁၈ နှစ်ကုန်မှာ ကုန်လွန်တော့မယ့် ၂၀၁၈ တစ်နှစ်လုံးကို ခြုံငုံပြတဲ့ 2018 Youtube Rewind ဗီဒီယိုပါ။ ဒီဗီဒီယိုကို Youtube Team က နာမည်ကြီး Youtuber အများကြီး အပြင် နာမည်ကျော် ဟောလိဝုဒ်မင်းသား Will Smith ကိုပါ ဌားရမ်းဖန်တီးခဲ့ပေမယ့် ပိုးစိုးပက်စက် အမုန်းခံရပြီး ရက်အနည်းငယ်အတွင်းမှာ Dislike ငါးသန်းကျော်သွားခဲ့ပါတယ်။ အမြန်ဆုံး Dislike ငါးသန်း ပြည့်ခဲ့တဲ့ ဗီဒီယို စံချိန်ကို ရရှိခဲ့ပြီး Youtube သမိုင်းတလျှောက် (Dislike) အများဆုံး ဗီဒီယိုစာရင်းမှာ ဒုတိယနေရာကို ခန့်ခန့်ကြီး ရရှိခဲ့ပါတော့တယ်။ ဒီဗီဒီယိုကြောင့် ပြောချင်လွန်းလို့အတွက် Youtube ပေါ်က လူမုန်းအများဆုံးစာရင်းကို တင်ဆက်ပေးချင်စိတ် ဖြစ်လာခဲ့ပါတယ်။

၁. Justin Bieber ရဲ့ Baby သီချင်း

Justin Bieber ဟာ သူ့ရဲ့အမှတ်အသားလို ဖြစ်လာမယ့် ‘Baby’ သီချင်းကို Youtube ပေါ်သို့ ၂၀၁၀ ခုနှစ်၊ ဖေဖော်ဝါရီ ၁၉ ရက်မှာ တင်ခဲ့တာပါ။ အရမ်းအောင်မြင်ခဲ့တဲ့ ဒီသီချင်းကို စွဲလမ်းသူတွေက အလွန်အကြူး ဖွင့်လွန်းတဲ့အတွက် အမြင်ကပ်ပုဒ်မနဲ့ Dislike ပေးကြတာရော၊ Justin Bieber ရဲ့ဟန်ကို မုန်းတီးလို့ ပေးကြတာရောနဲ့ Youtube သမိုင်းတလျှောက် မကြုံစဖူး Dislike 9.76 သန်းဖြင့် နံပါတ်တစ်နေရာကို ဦးဆောင်ထားခဲ့တယ်။ Youtube Rewind 2018 မပေါ်လာခင်ကဆို ဒုတိယနေရာက ဗီဒီယိုကို အရေအတွက် ၂ ဆကျော် ဖြတ်ထားတာပါ။ ဒါပေမယ့် Like အရေအတွက်ကလည်း ၁၀ သန်းရှိပါတယ်။

၂. Youtube Rewind 2018

“Youtube Rewind 2018: Everybody Controls Rewind” ဗီဒီယိုဟာ Youtube ပေါ်မှာ ၂၀၁၈ တစ်နှစ်လုံး Trend ဖြစ်ခဲ့တဲ့ အရာတွေကို ပြန်လည်ရွေးချယ်ပြီး နိုင်ငံစုံ လူမျိုးစုံက ဘလော့ဂါတွေ စုစည်းပြသတဲ့ ဗီဒီယိုတစ်ခုပါ။ မင်းသား Will Smith ကိုပါ ဌားရမ်းပြီး ခမ်းခမ်းနားနားလုပ်ထားပေမယ့် စထွက်လာတည်းက Like ထက် Dislike က အနည်းဆုံး သုံးဆ များပါတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာတော့ Dislike ၆.၆ သန်းရှိနေပြီး Like က ၁.၉ သန်းသာ ရှိတယ်။

၃. It’s Everyday Bro သီချင်း

အမေရိကန် Youtuber တစ်ဦးဖြစ်တဲ့ Jake Paul ရဲ့သီချင်းဟာ နံပါတ်တစ် Youtube ဆယ်လီဖြစ်တဲ့ PewDiePie နဲ့ ရည်းစားဟောင်း Alissa Violet တို့ကို ဖဲ့ထားတာပါ။ ဒီသီချင်းဟာ iTunes Chart မှာ နံပါတ်နှစ်၊ Billboard Hot 100 မှာ ၉၁ ချိတ်ခဲ့ပေမယ့် အဆိုးမြင်ခံရတာက ပိုများပါတယ်။ လက်ရှိမှာ Dislike လေးသန်း ကျော်ကျော်လေး ရှိပြီး Like ကလည်း ၂.၆ သန်းရှိတယ်။ ဒီသီချင်းကို ပြန်ပြောင်ထားတဲ့ Parody တွေလည်း အများကြီးရှိပါတယ်။

၎. Call of Duty ဂိမ်းအသစ် Trailer

စတုတ္ထနေရာမှာတော့ ထူးထူးခြားခြား Call of Duty: Infinite Warfare ဂိမ်းရဲ့ ပထမဆုံးမိတ်ဆက် Trailer ကရပ်တည်နေပါတယ်။ Call of Duty (CoD) ပရိသတ်တွေဟာ များသောအားဖြင့် တကယ်ရှိခဲ့တဲ့ ကမ္ဘာ့စစ်ပွဲတွေရဲ့ တိုက်ပွဲတွေကို အခြေခံထားတဲ့ First-person Shooter ရသကို နှစ်သက်ကြတာ ဖြစ်ပေမယ့် Infinite Warfare ကတော့ ထူးထူးခြားခြား အနာဂါတ်ကို အခြေခံထားတဲ့ ဂိမ်းတစ်ခု ဖြစ်ခဲ့လို့ပါ။ ကုမ္ပဏီရဲ့ စီအီးအိုက ဖာထေးပြောကြားခဲ့တဲ့နောက် ပိုဆိုးသွားခဲ့ပြီး Dislike ၃.၇၈ သန်းထိ မြင့်တက်ခဲ့ကာ Like အရေအတွက်ထက် လေးဆကျော် များပြားပါတယ်။ ဒါဟာ ဂိမ်မာတွေရဲ့ အမျက်ဒေါသကို သွားမဆွသင့်ကြောင်း ဂိမ်းကုမ္ပဏီတွေအတွက် သင်ခန်းစာပါပဲ။

၅. PewDiePie ရဲ့ “ဒီဗီဒီယို Dislike တစ်သန်းရနိုင်မလား”

အစောက ပြောခဲ့သလို တစ်ဦးချင်း Youtube Follower မှာ နံပါတ်တစ်ဖြစ်တဲ့ PewDiePie ဟာ 2016 ခုနှစ် ဒီဇင်ဘာ ၂၄ မှာ “Can This Video Get 1 Million Dislikes?” ဆိုပြီး Challenge တစ်ခုလိုလို တင်ခဲ့တာပါ။ တကယ်လည်း သူ့ရဲ့လွှမ်းမိုးမှုကြောင့် အခုချိန်မှာ Dislike ၃.၇၂ သန်းကျော် ရရှိထားပြီး ပဉ္စမနေရာမှာ ရှိပေမယ့် like နဲ့ Dislike အချိုး 94% နဲ့ အများဆုံးဖြစ်ပါတယ်။ ဆယ်လီတစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းဟာ သူ ရူးကြောင်ကြောင် ထလုပ်ရင်တောင် အံ့သြစရာ ဖြစ်နေတုန်းပါပဲ။

၆. Despacito

ဟုတ်ပါတယ်။ ၂၀၁၇ ခုနှစ်ရဲ့ နိုင်ငံတကာမှာ အပေါက်ဆုံးသီချင်းတစ်ပုဒ်လို့ ဆိုနိုင်တဲ့ Despacito ကို ပေါ်တိုရီကို (Puerto Rico) နိုင်ငံသား အဆိုတော်နှစ်ယောက်ဖြစ်တဲ့ Luis Fonsi နဲ့ Daddy Yankee တို့ ဆိုထားပြီး ၂၀၁၇ ဇန္နဝါရီမှာ Youtube ပေါ် ပထမဆုံးတင်ခဲ့တာပါ။ သူကတော့ ‘Baby’ လိုပဲ ဖွင့်ကြလွန်းလို့ သောက်မြင်ကပ်ပုဒ်မနဲ့ Dislike ခံရရှာတဲ့ သားကောင်ပါ။ Dislike ၃.၆ သန်းနဲ့ ဆဌမနေရာမှာ ရှိနေသော်လည်း Like အရေအတွက်က ၃၁ သန်းရှိလို့ သိပ်မထောင်းသာလှပါဘူး။ သူ့ရဲ့ View အရေအတွက်ကလည်း ၅.၇ ဘီလီယံတောင် ကျော်နေပါပြီ။

ပြောချင်လွန်းလို့တို့ရော ဒီအထဲက ဘယ်နှခုကို ကြည့်ပြီးပြီလဲ။ Like / Dislike လုပ်ခဲ့တာရော ဘယ်နှခုရှိပြီလဲ ဆိုတာ ပြောခဲ့ပါဦး။

LEAVE A REPLY

Please enter your comment!
Please enter your name here